ယင်းမာပင် မြောက်နုံးရွာမှာ အိမ် ၁၅၀ မီးရှို့ခံရပြီး နှစ်ဦးသတ်ဖြတ်ခံရ
2023.03.05

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ မြောက်နုံးရွာကို စစ်ကောင်စီတပ်က မတ်လ ၃ ရက်မှာ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံနှစ်ဦးကို သတ်ဖြတ်ခဲ့သလို နေအိမ် ၁၅၀ မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၃ ရက် နေ့လယ်ပိုင်းက မြောက်နုံးရွာအနီး စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နောက် မြောက်နုံးရွာကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ခဲ့ တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"လက်ရှိအခြေအနေက မြောက်နုံးကျေးရွာမှာ အိမ်ခြေ ၁၅၀ လောက် မီးလောင်ပြီး ဆုံးရှုံးသွားတဲ့ အနေအထားရှိပါတယ်။ နောက်တစ်ခု မြောက်နုံးကျေးရွာက စိတ်မနှံ့တဲ့ အမျိုးသားတစ်ဦးကို ရိုက်နှက်ပြီး သတ်သွားခဲ့တာ ရှိတယ်။ အဲဒါက ရွာထိပ်က သူ့နေအိမ်မှာ ဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဘုန်းကြီးကျောင်းထဲမှာ ကားနဲ့အတူ မီးရှို့ထားခဲ့တာပေါ့"
သေဆုံးခဲ့တဲ့ စိတ်ဝေဒနာရှင် အမျိုးသားကတော့ ဦးဖိုးနီဆိုသူဖြစ်ပြီး ကားထဲမှာ မီးရှို့ခံခဲ့ရ သူကိုတော့ ဘယ်သူဘယ်ဝါ မခွဲခြားနိုင်သေးဘူးလို့ သူက ပြောပါတယ်။
အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိတဲ့ မြောက်နုံးရွာက အိမ်ခြေ ၁၅၀ ဝန်းကျင်ဟာ လက်ရှိမှာ မီးလောက်ပျက်စီးသွားပြီဖြစ်သလို ဒေသခံတွေအနေနဲ့ ရွာကို စွန့်ခွာထွက်ပြေးနေရပါတယ်။
စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
လက်ရှိမှာ မြောက်နုံးရွာအပါအဝင် နုံးတန်းကျေးရွာ၊ စားတော်ပင်ရွာ၊ လက်လှုပ်ရွာ၊ ကုန်းရွာ၊ ရုံးလေးပင်ရွာ၊ ပေါက်ပန်းဖြူရွာ၊ မြို့ကြီးရွာ၊ ရွာထောင်ရွာ၊ လေးရွာ၊ ရွာသာရွာ တို့အပါအဝင် ရွာပေါင်း ၁၀ ရွာလောက်က ဒေသခံ လေးသောင်းကျော်ဟာ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။