စစ်ကောင်စီရဲ့ လက်နက်ကြီးကျည်ကြောင့် စစ်ကိုင်းနဲ့ကယားမှာ အရပ်သားတွေ ထပ်မံသေဆုံး

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကြောင်သန်းရွာမှာ မတ်လ ၂၈ ရက်နေ့က၊ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အဲဒီရွာနဲ့သုံးမိုင်လောက်ဝေးတဲ့ လက်ပုကန်ရွာထဲကို လက်နက်ကျည် ကျရောက်ပေါက်ကွဲပြီး အသက် ၄၇ နှစ်အရွယ် ဦးဝင်းဌေး သေဆုံးသွားခဲ့ပါတယ်။
ဦးဝင်းဌေးရဲ့ဇနီးလည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။
အင်အား ၁၈၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်က မတ်လ ၂၆ ရက်နေ့မှာ အဲဒီတစ်ဝိုက်ရွာတွေထဲ စစ်ဆင်ရေး လှည့်လည်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။လောလောဆယ်မှာတော့ မင်းတိုင်ပင်ရွာက စာသင်ကျောင်းနဲ့ ဘုန်ကြီးကျောင်းတွေမှာ တပ်စွဲထားတယ်လို့ ပြောပါတယ်။
အလားတူ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒေါတော်ကူးရွာမှာ မနေ့က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အသက် ၆၀ လောက်ရှိတဲ့ အမျိုးသမီးရဲ့ခေါင်းကိုထိမှန်သွားပြီး ဆေးရုံပို့တဲ့ လမ်းမှာတင် သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အသက် ၅၀ အရွယ်အမျိုးသားတစ်ယောက်က ညာဘက်လက်မှာ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရပြီး ဆေးကုနေရတယ်လို့ သိရပါတယ်။
အဲဒီအနီးအနားတစ်ဝိုက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီတပ်က ရွာတွေဘက်ကို မနေ့က ညနေ ၃ နာရီ လောက်မှာပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။
ဒီဖြစ်ရပ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာမတွေ့ရသေးသလို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။