စစ်ကောင်စီ ဝင်ငွေခွန်ကောက်မယ့်အပေါ် ထိုင်းရောက် မြန်မာအလုပ်သမားတွေ ကန့်ကွက်ဆန္ဒပြ

RFA Burmese
2023.12.17
စစ်ကောင်စီ ဝင်ငွေခွန်ကောက်မယ့်အပေါ် ထိုင်းရောက် မြန်မာအလုပ်သမားတွေ ကန့်ကွက်ဆန္ဒပြ စစ်ကောင်စီ၏ အခွန် နှစ်ရာခိုင်နှုန်းကောက်ခံမှုအပေါ် ထိုင်းရောက်မြန်မာအလုပ်သမားများ ဘန်ကောက်ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့က ကန့်ကွက်ဆန္ဒခဲ့စဉ်။
Ko Gyi

ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းပေးဆောင်ဖို့ စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ဒီဇင်ဘာ ၁၇ ရက် ဒီနေ့မနက် ၁၀ နာရီကနေ နေ့လယ် ၁ နာရီအထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂရုံးရှေ့မှာ ထိုင်းရောက် မြန်မာလုပ်သားတွေ ဆန္ဒပြခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်အထောက်အထား အပြည့်အစုံရှိတဲ့ မြန်မာအလုပ်သမား နှစ်ရာဝန်းကျင် လာရောက်ဆန္ဒပြခဲ့ကြတာလို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမား များ ကူညီပေးရေးအဖွဲ့ (Myanmar Humanitarian Action Centre (MHAC) မဟာမိတ် အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“ကြွေးကြော်သံတွေက အခုစစ်ကောင်စီက ဖြတ်တောက်မယ့် အခွန် နှစ်ရာခိုင်နှုန်းကို အလိုမရှိတဲ့အကြောင်းပေါ့နော်။ ဖြတ်တောက်တာတွေကို လုံးဝကိုအလိုမရှိကြောင်း ကန့်ကွက်ရှုတ်ချတာပေါ့။ ဒီအကြောင်းရင်းတွေပါ။ အင်အားကတော့ အများကြီး မဟုတ်သေးဘူး။ အစလည်းဖြစ်သလို စာအုပ်သက်တမ်း ကုန်ခါနီးလူတွေ၊ အထောက်အထား မပြည့်စုံတဲ့သူတွေကျတော့ လာလို့မရဘူးလေ။ အခု နှစ်ရာခိုင်နှုန်း အခွန်ဆောင်ရမယ့်ကိစ္စကိုလည်း သက်တမ်းကုန်ခါနီး နှစ်ကုန်အချိန်မှာ ရွေးပြီး လုပ်လိုက်တာကိုး။ ၂၀၂၄ ခုနှစ် အဝင်မှာ စာအုပ်ဝင်သက်တမ်းတိုးကြမယ်ဆိုတော့ အခက်အခဲဖြစ်တာပေါ့။ အကုန်လုံးကတော့ အခွန်ကောက်တဲ့ ကိစ္စကို ကန့်ကွက်ရှုတ်ချကြတယ်”

နောက်ပိုင်း စစ်ကောင်စီဘက်က တင်းကျပ်မှုတွေ ထပ်လုပ်လာရင်တော့ ဆန္ဒပြ ကန့်ကွက်မှုတွေ ဒီထက်ပို ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းပေးဆောင်ဖို့ ဘန်ကောက်မှာရှိတဲ့ စစ်ကောင်စီရဲ့ မြန်မာသံရုံးက ဒီဇင်ဘာလ ၁၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားတာပါ။

စက်ရုံ၊ အလုပ်ရုံ၊ စိုက်ပျိုးမွေးမြူရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှုလုပ်ငန်းနဲ့ အထွေထွေလုပ်သားတွေဟာ လစဉ်ဝင်ငွေကို ဘတ် (၇၅၀၀) နှုန်းသတ်မှတ်ပြီး ဝင်ငွေခွန် နှစ်ရာခိုင်နှုန်း (ဘတ် ၁၅၀) လစဉ် ပေးသွင်းရမယ်လို့ ဆိုပါတယ်။

ဘတ် (၁၅၀) အခွန်ပေးတာနဲ့ လစဉ် ဘတ် (၇၅၀၀) နဲ့ညီမျှတဲ့ မြန်မာငွေကို ငွေဖြူအဖြစ် ခံစားခွင့်ရရှိမှာဖြစ်ပြီး မြန်မာနိုင်ငံကို ပြန်ချိန် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကား စတာတွေဝယ်ယူရာမှာ ဝင်ငွေခွန် လျှော့ပေါ့ပေးမယ်လို့ ရေးသားထားပါတယ်။

ထိုင်းနိုင်ငံမှာ လက်ရှိ မြန်မာရွှေ့ပြောင်းလုပ်သား ငါးသန်းဝန်းကျင်အထိ ရှိနေတယ်လို့ အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း ပြည်ပရောက်မြန်မာနိုင်ငံသား တွေ ရတဲ့လစာဝင်ငွေအပေါ် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့ကနေစပြီး ဝင်ငွေခွန်ထမ်းဆောင်ရမယ်လို့ နိုဝင်ဘာ ၂၂ ရက်နေ့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။