ပြည်ပရောက် မြန်မာလုပ်သားတွေ အခွန်ဆောင်ပြီးမှ ပတ်စ်ပို့သက်တမ်းတိုးလို့ရမည်
2023.10.18

ပြည်ပနိုင်ငံအသီးသီးမှာ အလုပ်သွားလုပ်နေသူတွေအနေနဲ့ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြနိုင်မှ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမယ့်အကြောင်း အောက်တိုဘာ ၁၆ ရက်ကစပြီး နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးတွေမှာ ကြေညာထားတယ်လို့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက RFA ကို ပြောပါတယ်။
နိုင်ငံကူးလက်မှတ် (Passport) အမျိုးအစားနှစ်ခုဖြစ်တဲ့ Passport For Job (PJ) နဲ့ Passport For Seaman (PS) ကိုင်ဆောင်ထားသူတွေဟာ ဒီကြေညာချက်မှာ အကျုံးဝင်တယ်လို့ ဆိုပါတယ်။
နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရာမှာ ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ပြည်တွင်းအခွန်များဦးစီးဌာနမှာ အခွန်ဆောင်ထားကြောင်း ထောက်ခံချက် ပါရှိရတော့မှာပါ။
အခုလိုလုပ်တာဟာ သဘာ၀မကျဘူးလို့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ ကိုလင်းလင်းက RFA ကို ပြောပါတယ်။
"လစာဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို သူတို့ကို လစဉ်ပေးရမယ်ဆိုတာက သဘာဝမကျဘူးလေဗျာ။ ဒီဘက်မှာလည်း ဝင်ငွေခွန်တွေက ပေးရသေးတယ်။ ကိုယ်ရှာတာ ကိုယ်မစားရဘဲ ဝင်ငွေခွန်ဆောင်နေတာနဲ့တင် ကုန်ပြီ။ အဲဒီတော့ လူတွေက ဘာဖြစ်ကုန်ကြလဲဆိုတော့ Passport ကို သက်တမ်းလည်းမတိုးဘဲ OverStay နေမယ်လို့ ဆုံးဖြတ်ကြတာပေါ့"
ပြည်ပရောက် မြန်မာအလုပ်သမားတွေအနေနဲ့ စစ်ကောင်စီခေါင်းဆောင်ရဲ့ စစ်အသုံးစရိတ်အတွက် ဘယ်လိုနည်းနဲ့မှ ထောက်ပံ့ပေးကြမှာမဟုတ်ဘူးလို့လည်း ကိုလင်းလင်းက ဆိုပါတယ်။
လစဥ် လစာရဲ့ ၂၅ ရာခိုင်နှုန်း ဒါမှမဟုတ် သုံးလစာရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းထံ ဘဏ်တွေကနေတစ်ဆင့် တရားဝင်လမ်းကြောင်းနဲ့ လွှဲပို့ရမှာ ဖြစ်တယ်လို့လည်း စစ်ကောင်စီက ကြေညာထားပါတယ်။
ဒါ့အပြင် အောက်တိုဘာ ၁ ရက်ကစပြီး ပြည်ပရောက် မြန်မာအလုပ်သမားတွေရဲ့ လစာအပေါ် နိုင်ငံခြားငွေ အမျိုးအစားအလိုက် ဝင်ငွေခွန်ပေးရမယ်လို့ သြဂုတ်လမှာကတည်းက စစ်ကောင်စီရဲ့ အလုပ်သမား ဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားပါတယ်။