ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့အလုပ်သမားနေ့မှာ ရန်ကုန် တိုင်းဒေသကြီး စက်မူဇုန်တွေက အလုပ်သမားများ ပူးပေါင်းပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် ကွင်းကနေ ကျိုက္ကဆံကွင်းအထိ လမ်းလျှောက်ဆန္ဒပြခဲ့ ကြပြီး အနိမ့်ဆုံးလုပ်ခလစာ အမြန်ဆုံးသတ် မှတ်ပေးရေး တောင်းဆိုခဲ့ကြပါတယ်။
အခြေခံလုပ်ခလစာ သတ်မှတ်ပေးရေးဟာ အလုပ် သမားထုအတွက် လတ်တလော လိုအပ်ချက်ဖြစ်တယ် လို့ ရန်ကုန်တိုင်းဒေသကြီး ငွေပင်လယ်စက်မှုဇုန် မှာရှိတဲ့ စံကောင်းပီနံ အိတ်စက်ရုံက ကိုသန့်ဇင် က ပြောပါတယ်။
"ကျနော်တို့ အလုပ်သမားတွေအတွက်ကတော့ အခြေခံလစာကပေါ့နော် အရမ်းနည်းပါးနေတယ် ၊ နိုင်ငံတကာနဲ့မယှဉ်ပါဘူး၊ အာဆီယံ အတွင်း နိုင်ငံတွေထဲမှာ ကျနော်တို့နိုင်ငံဟာ အရမ်းပဲနည်းပါးနေတယ်ပေါ့နော်၊ အဲ့ဒီအတွက် အလုပ်သမားတွေဘဝဟာ နှစ်တွေသာကြာလာ တယ်ပေါ့နော် တိုးတက်မှုမရှိဘူးနော်၊ အဓိက အဲ့ဒီအခြေခံလစာပေါ့ အလုပ်သမားတွေ ကာကွယ်စောင့်ရှောက်မှုဥပဒေကိုက နည်းပါးနေတယ်ပေါ့၊ ဥပဒေကိုယ်တိုင်ကိုက နည်းပါးနေတဲ့အတွက် ကျနော်တို့က ပိုဆိုးတယ်ပေါ့နော် အလုပ်သမားတွေရဲ့ဘဝက လုပ်ခလစာတွေကနည်းပါတဲ့အပြင် ဒီအလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်တဲ့ဥပဒေတွေက မခိုင်မာတဲ့အတွက် ကျနော်တို့မှာ အလုပ်သမားတွေအတွက် ဒုက္ခရောက်နေရတယ်ပေါ့နော်"
လှိုင်သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံမှာရှိတဲ့ စက်မှုဇုန်က စက်ရုံတွေမှာ လက်ရှိလုပ်ခလစာဟာ တစ်လကို ကျပ် ၃ သောင်းကနေ ၅ သောင်းအထိဖြစ်ပါတယ်။ အချိန်ပို ရက်မှန်ကြေး စတာတွေနဲ့ပေါင်းမှ အလုပ်သမားတစ်ဦးရဲ့ လစာဟာ ကျပ်တစ်သိန်းကျော်ရပြီး အလုပ်ဆင်းရက်ပျက်ကွက်ရင် တစ်ရက်ကို ကျပ် ၃ ထောင်ကနေ ၆ ထောင်အထိ ဖြတ်တောက်တယ်လို့ သိရပါတယ်။
အထည်ချုပ်စက်ရုံတွေမှာ လုပ်ကိုင်ကြတဲ့ အလုပ်သမားတွေရဲ့ ၉ဝ ရာခိုင်နှုန်းကျော်ဟာ အမျိုးသမီးအလုပ်သမားတွေ ဖြစ်ပါတယ်။ လက်ရှိမှာ အနိမ်ဆုံးလုပ်ခလစာ သတ်မှတ်ပေးနိုင်ဖို့ အလုပ်ရှင် အလုပ်သမားနဲ့ အစိုးရကိုယ်စားလှယ်တွေ ဆွေးနွေးမှုတွေရှိနေပေမယ့် အလုပ်သမားတွေ တောင်းဆိုနေတဲ့ တစ်ရက်လုပ်ခ ငါးထောင်ကျော်ရဖို့ အဆင်မပြေပဲ လုပ်ငန်းရှင်တွေဘက်က တစ်ရက်လုပ်ခကို တစ်ထောင်ငါးရာသာ ပေးလိုတယ်လည်း သိရပါတယ်။