မြန်မာအလုပ်သမား လိုက်နာရမယ့်အချက်တွေ သံရုံးထုတ်ပြန်
2018.04.01
ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ သြင်္ကန်ကာလအတွင်း နေရပ်ပြန်ကြတဲ့အခါ လိုက်နာရမယ့် အချက်တစ်ချို့ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိရုံးက အသိပေးထုတ်ပြန်လိုက်ပါတယ်။
မနှစ်က တွေ့ကြုံခဲ့ရတဲ့ အခက်အခဲတွေအပေါ်အခြေခံပြီး ဒီနှစ်မှာ အလုပ်သမားတွေ အဆင်ပြေစေဖို့အတွက် အုပ်ချုပ်မှုအပိုင်းတွေမှာ ညှိနှိုင်းဆောင်ရွက်ထားတာတွေကို တရားဝင်ကြေညာပေးထားတာဖြစ်တယ်လို့ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး က ပြောပါတယ်။
"နဂိုထဲကတော့ ဒီပုံစံအတိုင်းပဲ သွားရမှာပေါ့။ ဥပမာပြောရရင် မြဝတီက ပြန်ရင် မြဝတီကပဲ ပြန်ဝင်လာပေါ့၊ ဘာလို့ဆိုတော့ Record က အဲမှာပဲရှိတာကိုး၊ မနှစ်ကတုန်းက အခက်အခဲလေးတွေ တွေ့ကြတာပေါ့၊ ပြန်တော့ မြဝတီက ပြန်သွားတယ်၊ ပြန်လာတော့ ရနောင်းက ပြန်ဝင်တယ်၊ ကော့သောင်းက ပြန်ဝင်တယ်ပေါ့၊ အဲတာမျိုးတွေမဖြစ်အောင် ဒီနှစ်ကတော့ တရားဝင် ကြေညာပေးတာပေါ့လေ။ အုပ်ချုပ်မှုအဖွဲ့အစည်းတွေ ကနေပြီးတော့ ၂ ဘက်စလုံးမှာ အလုပ်သမားတွေ အားလုံးအဆင်ပြေဖို့အတွက်ကို ညှိနှိုင်းဆောင်ရွက် ထားတယ်"
ဒီနှစ်မှာ နေရပ်ပြန်မယ့် မြန်မာအလုပ်သမားတွေနဲ့ ထိုင်းအစိုးရတို့ အဆင်ပြေစေဖို့အတွက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေကိုယ်တိုင် ဝန်ကြီးအဆင့် အစည်းအဝေးလုပ်ပြီး ညှိနှိုင်းပေးထားတာ ဖြစ်တယ်လို့ သိရပါတယ်။
ဧပြီလ ၅ ရက်နေ့ကနေ ၃၀ ရက်နေ့ အထိ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေရပ်ပြန်ဖို့အတွက် ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက ရက်သတ်မှတ်ပေးထားပါတယ်။
နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းမှုအရ အဲဒီကာလအတွင်း နေရပ်ပြန်မယ့်သူတွေအနေနဲ့ ဘတ်ငွေ တစ်ထောင်ပေးရတဲ့ Re-entry လို့ခေါ်တဲ့ အိမ်ပြန်တံဆိပ်တုံးကြီး ထုစရာမလိုအောင် ဖြေလျှော့ပေးထားတယ်လို့လည်း ဦးစန်းမောင်ဦး က ပြောပါတယ်။
ထိုင်းဥပဒေအရ အလုပ်သမားတွေ ခေတ္တနေရပ်ပြန်ပြီး ပြန်လာမယ်ဆိုရင် Re-entry တုံးထုရပြီး စာရွက်စာတမ်း ကုန်ကျစရိတ် ဘတ် ၁၀၀၀ လောက် ကုန်ကျတာဖြစ်ပါတယ်။ Re-entry တုံး မထုသွားဘူးဆိုရင် ဗီဇာ သက်တမ်းကုန်တာမျိုးတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
နိုင်ငံကူးလက်မှတ် အပါအဝင် အရေးကြီးစာရွက်စာတမ်းတွေကို ပြည့်စုံစွာယူဆောင်သွားကြဖို့၊ ရေစိုပျက်စီးတာ၊ ပျောက်ဆုံးတာတွေမဖြစ်အောင် ဂရုစိုက်ကြဖို့နဲ့ စာရွက်စာတမ်းအားလုံးကို မိတ္တူကူးထားတာမျိုး၊ ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး သိမ်းထားတာမျိုးတွေနဲ့ နိုင်ငံကူးလက်မှတ်မှာ ဆက်သွယ်ရန်လိပ်စာနဲ့ ဖုန်းနံပါတ်တွေ ဖြည့်သွင်းထားဖို့ စတာတွေကို အလုပ်သမားသံအရာရှိရုံးက သတိပေးထားပါတယ်။ သတ်မှတ်ထားတဲ့ ဧပြီ ၅ ရက်နေ့ကနေ ၃၀ ရက်နေ့အတွင်း မပျက်မကွက် ပြန်လည်ဝင်ရောက်ကြဖို့၊ သတ်မှတ်ရက်ထက် စောပြန်တာ ဒါမှမဟုတ် နောက်ကျမှပြန်ဝင်ရောက်မယ် ဆိုရင် Re-entry တုံး နှိပ်ကြဖို့လည်း သတိပေးချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးတွေ မသယ်ဆောင်ကြဖို့နဲ့ နှစ်နိုင်ငံ သတ်မှတ်ထားတဲ့ စစ်ဆေးရေးဂိတ်တွေကသာ ဝင်/ထွက်ကြဖို့၊ လူဝင်မှုကြီးကြပ်ရေးဌာနတွေက ရိုက်နှိပ်တဲ့ အဝင်တုံး၊ အထွက်တုံး နှစ်တုံး ပြည့်စုံမှုရှိ/မရှိ စစ်ကြဖို့လည်း ထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။