ထိုင်းဘုရင်ဈာပနသွားတဲ့ မြန်မာလုပ်သား ၁၉ဦး အလုပ်ထုတ်ခံရ

အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေကို အောက်တိုဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ်
အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေကို အောက်တိုဘာလ ၃ဝ ရက်နေ့က တွေ့ရစဉ် (Photo: Ye Min - AAC Facebook)

ထိုင်းဘုရင်ဈာပနကို သွားရောက်တဲ့ မြန်မာအလုပ်သမား ၁၉ ဦးကို အလုပ်ကနေ ထုတ်ပယ်လိုက်တဲ့ စက်ရုံပိုင်ရှင် ကို အလုပ်သမား ၁၉ ဦးက ထိုင်းအလုပ်သမားကာကွယ်ရေးဌာနထံ တိုင်ကြားပြီး မနေ့က တရားစွဲဆိုလိုက်ပါတယ်။

နစ်နာကြေးတွေ ရရှိဖို့အတွက် အလုပ်ရှင်ကို တရားစွဲဆိုထားတယ်လို့ အလုပ်သမားအရေး ကူညီဆောင် ရွက်ပေးနေတဲ့ AAC မဟာမိတ်အဖွဲ့က ကိုရဲမင်းက ပြောပါတယ်။

"၂၆ ရက်နေ့က ထိုင်းဘုရင်ကြီးရဲ့ ဈာပနပွဲကို သွားတယ် ဂါဝရပြုတယ်၊ အလုပ်တွေလည်း ထိုင်းနိုင်ငံမှာ အဲဒီနေ့က အလုပ်တွေပိတ်ကြတယ်၊ သူတို့အလုပ်ရုံက အလုပ်မပိတ်ဘူးဆိုပြီး ၂၇ ရက်နေ့ အလုပ် သွားတော့ အဲဒီပွဲကို သွားတဲ့သူတွေအားလုံးကို အလုပ်ဖြုတ်လိုက်တယ်။ အဲဒီစက်ရုံက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ အင်္ကျီချိတ်စက်ရုံပါ။ အလုပ်ရှင်ကို တရားစွဲထားတယ်၊ အလုပ်ထုတ်နစ်နာကြေးနဲ့ ကြိုတင်မပြောဘဲ အလုပ်ဖြုတ်တာရယ်၊ ပိုက်ဆံတောင်းထားပါတယ်"

အဲဒီစက်ရုံပိုင်ရှင်ကို လုပ်အားခအပြည့်အဝမပေးချေမှုနဲ့ စက်ရုံမှာရှိတဲ့ မြန်မာအလုပ်သမား ၃၀ကျော်က ပြီးခဲ့တဲ့လကလည်း အမှုဖွင့်တိုင်ကြားထားပါတယ်။

အဲဒီအမှုကိုလည်း ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးက စစ်ဆေးဆောင်ရွက်နေဆဲ ဖြစ် ပါတယ်။

ထိုင်းဘုရင် ဈာပနအခမ်းအနားကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၆ရက်နေ့က ပြုလုပ်တာဖြစ်ပြီး စက်ရုံအလုပ် ရုံတော်တော်များများ အလုပ်ပိတ်သလို ထိုင်းနိုင်ငံရောက်ရှိနေတဲ့ မြန်မာအလုပ်သမားတွေ သောင်းနဲ့ချီ တက်ရောက်ခဲ့ပါတယ်။