ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို လုံခြုံရေးသတိထားကြဖို့နဲ့ ခိုက်ရန်ဖြစ်ပွားမှုကို ရှောင်ရှားကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိရုံးက သတိပေးကြေညာလိုက်ပါတယ်။
အခက်အခဲတွေဖြစ်ရင် အဆက်အသွယ်ရအောင် ဖုန်းနံပါတ်တွေပါ ထည့်သွင်းပြီး ထုတ်ပြန်ထားတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိ ဦးဦးခင်မောင်က ပြောပါတယ်။
"အခက်အခဲလေးတွေဖြစ်တဲ့အခါမှာ ကျနော်တို့က လက်လှမ်းမီ အဆက်အသွယ်လေးတွေရအောင် ထုတ်ပြန် ထားတဲ့သဘောပါ၊ ကိုယ့်မြန်မာနိုင်ငံသား အလုပ်သမား မှားတယ်ဆိုရင်တောင်မှ ကျနော်တို့က အဆက်အသွယ် ရလိုက်လို့ရှိရင် ကူညီပြီးဆောင်ရွက်ပေးနိုင်တဲ့ သဘောပေါ့ဗျာ၊ ရန်ဖြစ်တာတို့ ဘာတို့ဖြစ်တာတော့ ရှားပါတယ်၊ အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာလောက်ပဲ နည်းနည်းလေးများတာပေါ့၊ ဒီဟာအတွက်ရယ်လို့ မဟုတ်ပါဘူး၊ တခြား အလုပ်ရှင်နဲ့ အလုပ်သမား ပြဿနာတွေ၊ အလုပ်သမားတွေ စက်ရုံမှာ အခက်အခဲဖြစ်နေ တာလေးတွေကို ကျနော်တို့ဘက်ကို ဆက်သွယ်လို့ရအောင် အလုပ်သမား သံအရာရှိတွေရဲ့ ဖုန်းနံပါတ်တွေကို ပေးထားတာပေါ့လေ"
အချိန်မတော် တစ်ဦးတည်းထွက်ခွာတာနဲ့ အရက်သေစာ သောက်စားတာ၊ သတ်မှတ်စည်းကမ်းကို မလိုက်နာဘဲ ဆိုင်ကယ်မောင်းနှင်တာ၊ ခိုက်ရန်ဖြစ်ပွားတာတွေကို ရှောင်ကြဉ်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပြီး အရေးပေါ်ဆက်သွယ်လို့ရမယ့် အလုပ်သမားသံအရာရှိတွေရဲ့ ဖုန်းနံပတ်တွေနဲ့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် MOEAF Call Center ဖုန်းနံပါတ်တွေကို ထည့်သွင်းထုတ်ပြန်လိုက် တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ကဘီမြို့က သစ်စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၃ ယောက် အရိုက်ခံရပြီးနောက်ပိုင်း အခုလို သတိပေးချက် ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။
ကဘီမြို့က သစ်စက်မှာ MoU စနစ်နဲ့ သွားရောက်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား တစ်ဦးနဲ့ ထိုင်းလူမျိုး လွှဝိုင်းဆရာတို့ မတ်လ ၄ ရက်နေ့က လုပ်ငန်းခွင်အတွင်း စကားများရန်ဖြစ်ပြီး လွှဝိုင်းဆရာက မြန်မာအလုပ် သမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့အတွက် အဲဒီစက်ရုံမှာရှိတဲ့ မြန်မာအလုပ်သမားတွေက မကျေနပ် လို့ဆိုပြီး လွှဝိုင်းဆရာနဲ့ တပည့်နှစ်ဦးတို့ကို အလုပ်ကနေ ထုတ်ပေးဖို့ တောင်းဆိုခဲ့ကြရာမှာ အလုပ်သမားတွေရဲ့ ဆန္ဒအတိုင်း အဲဒီ ၃ ဦးကို အလုပ်ရှင်က အလုပ်ထုတ်ခဲ့ပါတယ်။
နောက်တစ်နေ့မှာ အလုပ်ထုတ်ခံရသူ ၃ ဦးက ရန်ဖြစ်ရာမှာမပါတဲ့ MoU မြန်မာအလုပ်သမားသုံးဦး ဈေးသွားစဉ် ရန်ငြိုးဖွဲ့ရိုက်နှက်ခဲ့တဲ့အတွက် တစ်ဦးမှာ ပါးရိုးကျိုးဒဏ်ရာနဲ့ ဦးခေါင်းကွဲဒဏ်ရာတို့ ရရှိခဲ့ကြကြောင်း အလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်ထားပါတယ်။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး ဒဏ်ရာရသွားသူတွေကို စေလွှတ်ခဲ့တဲ့ မြန်မာအေဂျင်စီကို သွားရောက်ကြည့်ရှုကူညီခိုင်းတာ၊ လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးတာ၊ ကျူးလွန်သူတွေကို ဥပဒေအရ အရေးယူနိုင်ဖို့ သက်ဆိုင်ရာ ရဲစခန်းမှာ အမှုဖွင့်တာ၊ အဲဒီသစ်စက်မှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတွေရဲ့ လုံခြုံရေးအတွက် အလုပ်ရှင်၊ မြန်မာအေဂျင်စီနဲ့ ထိုင်းအေဂျင်စီတို့ကို ကူညီပေးဖို့ အလုပ်သမား သံအရာရှိရုံးက ညှိနှိုင်းပေးတာတွေ လုပ်ဆောင် ထားတယ်လို့လည်း သိရပါတယ်။