မြန်မာနိုင်ငံသား ၁ဝဝ ကျော် ထိုင်းနယ်စပ်မှာ အဖမ်းခံရ

ထိုင်း-မြန်မာ နယ်စပ်က စခန်းတစ်ခုကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁ဝဝ ကျော်ကို ထိုင်းနိုင်ငံ တပ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအစိုးရ သတင်းဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သူတို့ကို မဲဆောက်မြို့မှာ ဖမ်းဆီးလိုက်တာဖြစ်ပြီး ဒီဖမ်းဆီးလိုက်တဲ့ မြန်မာတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေလည်း ပါဝင်ကြောင်း၊ ဒါပေမယ့် တရားဝင် စာရွက်စာတမ်းကိုင်ဆောင်ထားတာ မရှိကြောင်းလည်း သတင်းမှာ ရေးသားထားပါတယ်။

ထိုင်းရဲတွေရဲ့ အဆိုအရ အဲဒီမြန်မာတွေဟာ ထိုင်းနယ်စပ် သာဆိုင်းလွတ် Tha Sai Luat ခရိုင်ခွဲ၊ ဘန်ဟွေမောင်း Ban Huai Muang ကျေးရွာအနီး ယာယီစခန်းတွေကို လာရောက်တာဖြစ်တယ်လို့ဆိုပါတယ်။ အဲဒီစခန်းတွေဟာ ထိုင်းမြန်မာနယ်စပ် လူမှောင်ခို လူကုန်ကူးဂိုဏ်းတွေက ယာယီဆောက်ထားတာလို့ ရဲတွေကပြောပါတယ်။

အဲဒီနေရာတွေမှာ လူသစ်လက်ခံပြီး ဒီဂိုဏ်းတွေက အခကြေးငွေနဲ့ ဘန်ကောက်နဲ့ ထိုင်းနိုင်ငံအနှံ့ကို လူတွေပို့ပေးတာလို့ ဆိုပါတယ်။

လောလောဆယ် ဖမ်းဆီးရမိသူတွေကို မြန်မာဘက်ခြမ်း ပြန်ပို့နိုင်တဲ့အထိ ဖမ်းဆီး ထိန်းသိမ်းထားမှာဖြစ်ပြီး သူတို့နဲ့ ဆက်စပ်နေတဲ့ လူမှောင်ခိုဂိုဏ်းတွေကို ဖော်ထုတ်နိုင်ဖို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့လည်း ထိုင်းရဲတွေက ပြောပါတယ်။