ရိုဟင်ဂျာအရေး တရားစွဲပိုင်ခွင့်ရှိကြောင်း ဂမ်ဘီယာတုံ့ပြန်

ဒီအမှုဟာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို အကာကွယ်ပေးနိုင်ဖို့ ကြိုးပမ်းနေတာတင်မကဘဲ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂရဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုရဲ့ အခွင့်အရေးအရပါ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ် Dawda Jallow က ICJ တရားရုံးကို မနေ့က ပြောဆိုခဲ့ပါတယ်။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်နေ့က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးတွင် မြန်မာအရေး ကြားနာစစ်ဆေးစဉ်။ Photo: ICJ/Twitter

ရိုဟင်ဂျာမွတ်စလင်တွေ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခံရတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ICJ နိုင်ငံတကာတရားရုံးမှာ အမှုဖွင့် ထားတာဟာ တရားဝင်မှုရှိတယ်လို့ ဂမ်ဘီယာနိုင်ငံက ဗုဒ္ဓဟူးနေ့က ပြောလိုက်တဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။

ဒီအမှုဟာ ရိုဟင်ဂျာတွေရဲ့ အခွင့်အရေးကို အကာကွယ်ပေးနိုင်ဖို့ ကြိုးပမ်းနေတာတင် မကဘဲ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂရဲ့ သဘောတူညီချက်ကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်ခုရဲ့ အခွင့်အရေး အရပါ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဂမ်ဘီယာနိုင်ငံရဲ့ ရှေ့နေချုပ် Dawda Jallow က ICJ တရားရုံးကို မနေ့က ပြောဆိုခဲ့ပါတယ်။

ဂမ်ဘီယာဟာ ဘယ်သူ့ရဲ့ လက်အောက်ခံမှ မဟုတ်တဲ့အကြောင်း၊ ရိုဟင်ဂျာအရေး စွဲဆိုမှုဟာ တရားဝင်ကြောင်း ပြောပါတယ်။

ဂမ်ဘီယာက OIC အစ္စလာမ်နိုင်ငံများအဖွဲ့ရဲ့ကိုယ်စား မြန်မာနိုင်ငံကို တရားစွဲတာဟာ ဥပဒေအရ ဘောင်မဝင်ဘူးလို့ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေရဲ့ တနင်္လာနေ့က ICJ တရားရုံးကို တင်ပြချက်အပေါ် ဂမ်ဘီယာဘက်က မနေ့က တုံ့ပြန်ချေပခဲ့တာပါ။

မြန်မာနိုင်ငံမှာ တရားမျှတမှု မရှိဘူးဆိုတာ အခုလိုကာလမှာ အထင်ရှားဆုံးဖြစ်ကြောင်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့သူတွေကို အရေးယူနိုင်အောင် ဒီတရားရုံးကပဲ လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ ဂမ်ဘီယာရှေ့နေချုပ်က ပြောပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂရဲ့ သဘောတူစာချုပ်ကို မြန်မာရော ဂမ်ဘီယာကရော ၁၉၄၈ ခုနှစ်မှာ လက်မှတ် ရေးထိုးခဲ့ကြပြီး ဒီစာချုပ်ကို မြန်မာဘက်က ဖောက်ဖျက်ခဲ့တယ်လို့ ဂမ်ဘီယာဘက်က ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ နှိမ်နင်းမှုတွေကြောင့် ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် ၂ဝ၁၇ ခုနှစ်တုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့ အဖြစ်ကို ထောက်ပြပြီး ဂမ်ဘီယာဘက်က ချေပခဲ့တာပါ။

မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေထဲမှာ လူမျိုးတုံးအောင် သတ်ဖြတ်နှိမ်နင်းမှုတွေပါဝင်တယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေး အဖွဲ့ကလည်း သုံးသပ်ချက် ထုတ်ထားပါတယ်။

ကုလသမဂ္ဂရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သဘောတူစာချုပ်အရ မြန်မာနိုင်ငံကို ဂမ်ဘီယာက တရားစွဲပိုင်ခွင့်ရှိတယ်လို့လည်း ဂမ်ဘီယာရှေ့နေချုပ်က ICJ တရားရုံးမှာ ဗုဒ္ဓဟူးနေ့ကပြောခဲ့ပါတယ်။

လေးရက်ပြုလုပ်မယ့် ရိုဟင်ဂျာအရေး ICJ တရားရုံး ဒုတိယအကြိမ် ကြားနာစစ်ဆေးမှုမှာ မြန်မာနဲ့ ဂမ်ဘီယာ တစ်ရက်စီ လျှောက်လဲ ခဲ့ကြပြီးပါပြီ။ ဖေဖော်ဝါရီ ၂၅ရက် သောကြာနေ့မှာ မြန်မာဘက်က နောက်တစ်ကြိမ် လျှောက်လဲဖို့ရှိပြီး ၂၈ရက်မှာတော့ ဂမ်ဘီယာဘက်က နောက်တကြိမ် လျှောက်လဲမှာပါ။

ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု မကျူးလွန်ဘူးဆိုတဲ့ မြန်မာဘက်က လျှောက်လဲချက်ကို ပယ်ချဖို့ ဂမ်ဘီယာဘက်က ICJ တရားရုံးကို တိုက်တွန်းထားပါတယ်။

တကယ်လို့ တရားရုံးက မြန်မာရဲ့လျှောက်လဲချက်ကို ပယ်ချခဲ့မယ်ဆိုရင် တရားစီရင်ပိုင်ခွင့်ကို ဒီနှစ်အကုန်ပိုင်းလောက်မှာ ICJ တရားရုံးက ထုတ်ပြန်နိုင်ဖွယ်ရှိပြီး နောက်ဆုံး စီရင်ချက်ချနိုင်ဖို့ကတော့ နှစ်တွေ အတော်ကြာမယ့်သဘော ရှိတယ်လို့ ရိုက်တာသတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org