မြန်မာ-ဗီယက်နမ် ဆက်ဆံပူးပေါင်းရေး မြှင့်တင်မည်
2018.04.20

ဗီယက်နမ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြှင့်တင်ဖို့ ဟနွိုင်းမြို့မှာ အလည်အပတ်ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ် ငုယင်ရှန်ဖွတ်တို့ သဘောတူညီလိုက်ကြပါတယ်။
နိုင်ငံရေးနဲ့ သံတမန်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမှာဖြစ်သလို ရာထူးအလွှာစုံရော လူထုချင်း အပြန်အလှန် လည်ပတ်ဆက်ဆံမှုတွေပါ မြှင့်တင်သွားကြမယ်လို့ ဆိုပါတယ်။
ဒါ့ပြင် စစ်ဘက်ဆိုင်ရာ ဆေးပညာ၊ ရှာဖွေကယ်ဆယ်ရေး၊ အားကစားကဏ္ဍတွေအပြင် ဒုဝန်ကြီးအဆင့် တက်ရောက်မယ့် ကာကွယ်ရေးမူဝါဒဆိုင်ရာ ဆွေးနွေးပွဲကို အခုနှစ်အတွင်း ကျင်းပသွားဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ မှုခင်းနှိမ်နင်းရေး၊ တရားခံနဲ့ အကျဉ်းသားလွှဲပြောင်းပေးအပ်ရေး ကဏ္ဍတွေမှာပါ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှုတွေအပြီး ဆက်သွယ်ရေးနဲ့ သတင်း အချက်အလက်နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနား ကိုလည်း တက်ရောက်ခဲ့ပါတယ်။