အလုပ်သမား ၃၆ ဦးလွတ်၊ ၁၅ ဦး ရုံးတင်
2016.06.01

မန္တလေးတိုင်း ရမည်းသင်းအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ Myanmar Veneer သစ်စက်ရုံ အလုပ်သမားတွေ ထဲက ၃၆ ဦးကို မနေ့က ပြန်လွှတ်ပေးလိုက်ပြီး သပိတ်ခေါင်းဆောင် ၁၅ ဦးကို နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ခဲ့ပါတယ်။
ရုံးချိန်းမှာ စစ်ဆေးတာမရှိဘဲ လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ ရုံးချိန်းသတ်မှတ်ပေးလိုက်ပါတယ်။ လွှတ်တော်မှာ စစ်ကိုင်းအလုပ်သမားကိစ္စကို ကြားနာပေးဖို့အတွက် လွှတ်တော်ကိုယ်စားလှယ် ၅ဦးနဲ့ အရင်က သဘောတူညီမှု ရထားတာကို ဆက်လက်ဆောင်ရွက်ပေးဖို့ ကိုယ်စားလှယ်တွေထံ စာပေးပို့သွားမယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့ ရှေ့နေ ဦးအောင်သူရိန်ထွန်း က ပြောပါတယ်။
"အဲ့မှာသဘောတူထားတဲ့ အချက် ၅ ချက်ရှိတယ်၊ လွှတ်တော်မှာ အလုပ်သမားတွေ အရေးကိစ္စနဲ့ ပတ်သက် ပြီးတော့ အရေးကြီးအဆိုတစ်ရပ်အနေနဲ့ တင်သွင်းဖို့ကိစ္စ နောက်တစ်ခုက အလုပ်သမားတွေ နစ်နာတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကြားနာတဲ့အခါကျရင် အလုပ်သမား ၁၅ ယောက်ကို ကြားနာတယ်၊ ကျန်တဲ့အလုပ်သမားတွေ က လာရောက်ပြီးတော့ တက်ရောက်ပြီးတော့ လေ့လာတဲ့သူအနေနဲ့ လေ့လာခွင့်ပေးမယ်ဆိုတဲ့ အချက်တွေ ပါတယ်၊ နောက်တစ်ခုက စုံစမ်းစစ်ဆေးမှုအပိုင်းတွေပါတယ်ပေါ့၊ အဲ့သဘောတူညီထားတဲ့အချက်တွေ လွှတ်တော်မှာဆွေးနွေးမယ်ဆိုတဲ့အချက်တွေနဲ့ ပတ်သက်ပြီးတော့ သဘောတူညီထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက အလုပ်လုပ်ဆောင်ခြင်းမရှိသေးဘူး၊ မရှိတဲ့အတွက်ကြောင့်မို့ ကျနော်တို့အနေနဲ့ ကိုယ်စားလှယ် ၅ ယောက်ကို တရားဝင်အကြောင်းကြားရမယ်၊ တကယ်လို့ သူတို့ဘက်က အကြောင်းပြန်ကြား ချက် တစ်စုံတရာမလာဘူးဆိုရင်တော့ သူတို့ကိုတရားစွဲဖို့အတွက် ကျနော်တို့ပြင်ဆင်ပါမယ်"
ဆန္ဒပြပွဲကို ဦးဆောင်သူတွေအဖြစ် အလုပ်သမား ၇ ဦး၊ သပိတ်ကို ဝန်းရံတဲ့ ဗကသကျောင်းသား ၅ ဦးနဲ့ ပြည်သူ ၃ ဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု၊ ရုန်းရင်းဆန်ခတ်ဖြစ်မှု၊ ဥပဒေနဲ့မညီတဲ့ အစုအဖွဲ့မှာ ပါဝင်မှု၊ လူစုခွဲဖို့ အမိန့်ပေးတာကို မလိုက်နာမှု စတဲ့ ပုဒ်မ ၄ ခုနဲ့ ရုံးထုတ်ခဲ့တာဖြစ်ပါတယ်။
ရုံးထုတ်စဉ်မှာ တရားရုံးအနီးမှာ ရဲဝန်ထမ်း ၅၀ နီးပါးက လုံခြုံရေးယူထားပြီး ရုံးချိန်းကို ဗကသကျောင်းသားတွေနဲ့ ဝန်းရံသူတွေ ၆၀ လောက်က လာရောက်အားပေးခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က နေပြည်တော် တပ်ကုန်းမြို့အနီးမှာ စစ်ကိုင်းအလုပ်သမား သပိတ် စစ်ကြောင်းကို ဖြိုခွဲလိုက်ပြီး သပိတ်မှာပါဝင်သူ ၇၀ ကျော်ကို ဖမ်းဆီးခဲ့ပေမယ့် အလုပ်သမား ၂၀ ကို ပြန်လွှတ်လိုက်ပြီး ကျန်တဲ့ ၅၀ ကျော်ကို ရမည်းသင်း အကျဉ်းထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ အဲ့ဒီထဲက ၃၆ ယောက်ကို မနေ့က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
စစ်ကိုင်းအလုပ်သမားတွေဟာ စစ်ကိုင်းမြို့ကနေ ပြီးခဲ့တဲ့ ဧပြီလ ၂၉ ရက်နေ့က စတင်ထွက်ခွာလာတာဖြစ်ပြီး အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၁၀၀ ကျော်ကို ပြန်ခန့်ပေးဖို့၊ အလုပ်လက်မဲ့ဖြစ်နေတဲ့ ကြားကာလအတွက် အလုပ်ရှင်ဘက်က နစ်နာကြေးပေးဖို့၊ သူတို့ဖွဲ့စည်းထားတဲ့ အလုပ်သမားသမဂ္ဂကို အသိအမှတ်ပြုပေးဖို့ တို့ကို တောင်းဆိုလာကြတာဖြစ်ပါတယ်။