ရန်ကုန်တက္ကသိုလ်နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်တက္ကသိုလ်တို့ မြန်မာ့ယဉ်ကျေးမှုနဲ့ ဘာသာစကား ပူးပေါင်းလေ့လာရေး သဘောတူညီထားချက်အရ ချင်းမိုင်တက္ကသိုလ်က ထိုင်းကျောင်သူကျောင်သားတွေဟာ မြန်မာနိုင်ငံမှာ ၂ လကြာ ပညာသင်ကြားလေ့လာရေး အစီအစဉ် မနေ့က ပထမဆုံးစတင်လိုက်ပါတယ်။
ဒီအစီအစဉ်အတွက် ထိုင်းကျောင်းသူကျောင်းသား ၈ ယောက်ကို စတင်စေလွတ်လိုက်ပြီဖြစ်ပါတယ်။ ချင်းမိုင်တက္ကသိုလ်မှာ မြန်မာစာဘာသာရပ် သင်ကြားပေးနေတဲ့ ဆရာမ ဒေါ်ယမင်းရွှေစင်ထိုက်က RFA ကို အခုလို ပြောဆိုပါတယ်။
ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနနဲ့ ချင်းမိုင်တက္ကသိုလ် လူမှုဗေဒဌာနတို့ဟာ ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ကျောင်းသူ ကျောင်းသား အပြန်အလှန်စေလွှတ်ရေး သဘောတူညီမှုစာချွန်လွှာကို ဒီနှစ်ဧပြီလ ၂၄ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
သဘောတူစာချွန်လွှာအရ ဘာသာစကားနဲ့ ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်အဖြစ် ရန်ကုန်တက္ကသိုလ် မြန်မာ စာဌာနက ကျောင်းသူကျောင်းသားတွေကို လာမယ့် အောက်တိုဘာလကစပြီး နှစ်စဉ် ချင်းမိုင်တက္ကသိုလ်ကို နှစ်လကြာလေ့လာရေး စေလွှတ်မှာဖြစ်ပြီး ချင်းမိုင်တက္ကသိုလ်က ကျောင်းသူ ကျောင်းသားတွေဟာလည်း ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ မြန်မာစာပေနဲ့ မြန်မာ့ယဉ်ကျေးမှုတွေကို အပြန်အလှန် သင်ယူသွားကြ မှာဖြစ်ပါတယ်။