မြစ်ကြီးနားက အရပ်သားကား ပစ်ခတ်ခံရ အမျိုးသမီးတစ်ဦး သေဆုံး

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအနီး အဝိုင်းပတ်နားမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ည ၁၁ နာရီလောက် လူငယ်ခြောက်ဦး စီးနင်းလာတဲ့ ကား တစ်စီးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့ရာမှာ ကားပေါ်က မိန်းကလေးငယ် တစ်ဦး သေဆုံးပြီး ကျန်ငါးဦးလည်း အဖမ်းခံထားရတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
လူငယ်ငါးဦးကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူ တစ်ဦးက RFA ကို ပြောပါတယ်။
“ဒဏ်ရာရတဲ့သူတွေကိုလည်း စစ်တပ်ဆေးရုံမှာပဲ သူတို့အားလုံး အခုထိ မလွတ် သေးဘူး၊ စစ်တပ်မှာ ထိန်းသိမ်းထားဆဲပဲ”
အဲဒီကားကို စစ်သားတွေက ကနဦး ရပ်ခိုင်းခဲ့ရာမှာ ရပ်မပေးလို့ဆိုပြီး ပစ်ခတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲက နှစ်ဦးရဲ့ ခြေထောက်မှာလည်း ဒဏ်ရာရရှိခဲ့တာကြောင့် စစ်တပ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။
အသက် ၂၄ နှစ်အရွယ် သေဆုံးသူမိန်းကလေးငယ်ရဲ့ အလောင်းကို ဖေဖော်ဝါရီ ၁၄ ရက် မနေ့ကမှ စစ်ဆေးရုံကနေထုတ်ယူပြီး သင်္ဂြိုဟ်ခဲ့တယ်လို့လည်း မိသားစုနဲ့ နီးစပ်သူက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် မနေ့ညကလည်း မြစ်ကြီးနားမြို့ စံပြရပ်ကွက် လမ်းမပေါ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြည်သူ သုံးဦး ဒဏ်ရာရရှိခဲ့ပါတယ်။