ရွှေကူမြို့က CDM ကျောင်းဆရာတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ

2021.12.27
ရွှေကူမြို့က CDM ကျောင်းဆရာတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရ စစ်ကောင်စီတပ်က ပစ်သတ်ခဲ့တဲ့ ရွှေကူမြို့ ဟင့်အွန်ရွာမှာ CDM ကျောင်းဆရာ ဦးဇော်ဦးကို တွေ့ရစဉ်
Photo - Citizen Journalist

ကချင်ပြည်နယ် ရွှေကူမြို့ ဟင့်အွန်ရွာမှာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတဲ့ ကျောင်းဆရာ ဦးဇော်ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ သေနတ်နဲ့ ပစ်သတ်တာ ခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာ ဦးဇော်ဦးကို သေနတ်နဲ့ ပစ်သတ်ပြီး အလောင်းကို မြေမြှုပ်ထားခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဆရာက ရွာမှာ သူ့ညီမ မင်္ဂလာဆောင်အတွက် ဝါးသွားခုတ်ပြီးအပြန် စစ်ကောင်စီတပ်နဲ့ PDF တပ်တွေ တိုက်ပွဲဖြစ်နေလို့ ထွက်ပြေးတဲ့အချိန်မှာ ခြေထောက်ကို အရင်အပစ်ခံရတာ ပြီးတော့ အဖမ်းခံရတယ်၊ ပြီးတော့ စစ်ကောင်စီက သတ်လိုက်ပြီး မြေမြှုပ်လိုက်တယ်"

ဆရာရဲ့အလောင်းကို ဒေသခံတွေက ပြန်လည်တူးဖော်တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ ကျောင်းဆရာ ဦးဇော်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး ဘယ်သူ့လက်ချက်လဲဆိုတာ RFA က သီးခြားအတည်မပြု နိုင်သေးပါဘူး။

ဦးဇော်ဦးဟာ ရွှေကူမြို့ဇာတိဖြစ်ပြီး ကချင်ပြည်နယ် မြောက်ပိုင်းစွန်း နောင်မွန်မြို့မှာ မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး စစ်တပ်က အာဏာသိမ်းပြီးနောက် CDM လုပ်နေသူဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။