ပြည်ပပို့ မြန်မာ့ဆန် ၂၅ ရာခိုင်နှုန်း တိုးတက်
2014.12.23

မြန်မာနိုင်ငံဟာ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း ဆန်တန်ချိန် တစ်သန်းခွဲ ပြည်ပကိုတင်ပို့နိုင်မယ် လို့ မျှော်လင့်ရကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာ့ဆန် ပြည်ပတင်ပို့မှုပမာဏ တန်ချိန် ၁.၂ သန်းရှိခဲ့တာကြောင့် ဒီနှစ်မှာ ၂၅ ရာခိုင်နှုန်း တိုးတက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။လက်ရှိ ဘဏ္ဍာရေး နှစ်ပထမ ၈ လအတွင်း ဆန်တန်ချိန် ၈ သိန်း နီးပါး တင်ပို့ပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနှစ် သြဂုတ်လကနေ နိုဝင်ဘာလအတွင်း တရုတ်အစိုးရက မြန်မာ့ဆန် တင်သွင်းမှုကိုတရားဝင် ပိတ်ဆို့ခဲ့တာကြောင့် ဆန်တင်ပို့မှု အခြေအနေ သိသိ သာသာ နှေးကွေးသွားခဲ့ပါတယ်။ မြန်မာအနေနဲ့ တရုတ်ပြည်ကို မြောက်ဘက်နယ်စပ်ကနေ ဆန် တင်ပို့တာဟာ တရားဝင်တယ်လို့မြင်ပေမဲ့၊ တရုတ်အစိုးရ ကတော့ နှစ်နိုင်ငံကြား တရားဝင် ဆန်တင်ပို့ရေး သဘောတူညီချက် မရှိတာကြောင့် တရားမဝင်ဘူးလို့ယူဆ ပုံရကြောင်း Oriza ခေါ် ဆန်ဈေးကွက် သတင်းစာ က ဖေါ်ပြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီးနှစ်ဖက်အစိုးရတို့ဆွေးနွေးခဲ့ကြရာမှာ၊ ပြီးခဲ့တဲ့နိုဝင်ဘာလ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပခဲ့တဲ့ အာဆီယံညီလာခံ ပြင်ပ မှာ တရုတ် ဝန်ကြီးချုပ်က နယ်စပ်ကုန်သွယ်ရေး တရားဝင်ဖြစ်ဖို့အပြင်၊ ၂၀၁၅ မှာ မြန်မာ့ဆန် တန်ချိန် တစ်သန်း တင်သွင်းမယ်လို့ကတိပြုခဲ့ပါတယ်။
အဲ့ဒီနောက် နိုဝင်ဘာလလယ်ပိုင်းကစပြီး၊ နယ်စပ်ကနေ မြန်မာ့ဆန်တင်သွင်းမှုကို တရုတ်အာဏာပိုင်တွေ က ဖြေလျှော့ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တွဲဘက်အတွင်းရေးမှူးက ပြောပါတယ်။
ဒါ့ပြင် ဥရောပ နဲ့အာဖရိကတိုက်ကို မြန်မာ့ဆန်တင်ပို့မှုပမာဏကလည်း တိုးတက်လာနေတယ်လို့ ဆိုပါတယ်။ လာမယ့် သုံးလေးနှစ်အတွင်း မြန်မာ့ဆန် ပြည်ပတင်ပို့မှုပမာဏဟာတန်ချိန် သုံးသန်း ဝန်းကျင်ရှိလာမယ်လို့ မျှော်မှန်းထားတယ် လို့လည်း သိရပါတယ်။