စစ်ကောင်စီကိုယ်စားလှယ် ကုလမှာ ကိုယ်စားပြုနိုင်ဖွယ်မရှိ

လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီဘက်က ကုလသမဂ္ဂ ကိုယ်စားပြုခွင့် လုံးဝရနိုင်မှာ မဟုတ် ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရသူ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၂၀၂၁ သြဂုတ်လ ၂၄ ရက်နေ့က သတင်းစာရှင်းလင်းစဥ် Photo: NUG

လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အာဏာသိမ်း စစ်ကောင်စီဘက်က ကုလသမဂ္ဂ ကိုယ်စားပြုခွင့် လုံးဝရနိုင်မှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြောခွင့်ရသူ နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးက ပြောလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG က သြဂုတ် ၂၄ ရက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ Kyodo သတင်းဌာနက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အစားထိုးပြီး စစ်ကောင်စီက ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ် ခန့်အပ်နိုင်ဖို့ စီစဉ်နေတာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ အဲဒီလိုပြောကြားလိုက်တာပါ။

စစ်တပ်က လက်ရှိကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေနဲ့ အတိတ်ကကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံးကို တင်သွင်းခဲ့တာတွေကိုလည်း ဦးမိုးဇော်ဦးက ရှင်းပြပါတယ်။

အဲဒီသတင်းစာရှင်းပွဲမှာပဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အောင်လံလွှင့်ချီ နွေဦးထီ ဆိုတဲ့ အစီအစဉ် ကနေ ရရှိလာတဲ့ငွေတွေကို CDM ဝန်ထမ်း လေးသိန်းတစ်သောင်းကို ထောက်ပံ့သွားမယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီး ဦးတင်ထွန်းနိုင် ကလည်း ပြောကြားပါတယ်။

NUG ထီကနေ ရလာမယ့်ငွေရဲ့ ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေကို ထောက်ပံ့ပို့ ရည်ရွယ်ထားတာဖြစ်ပြီး ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ခွဲဝေပေးသွားဖို့ စီစဉ်ထားတယ်လို့လည်းပြောပါတယ်။

ဒါ့အပြင် ဒီထီရောင်းချရတာဟာ "ပြည်သူရဲ့ သဘောတူညီမှုမရှိတဲ့ အုပ်ချုပ်သူဆိုတာ မရှိနိုင်ဘူးဆိုတာရယ်၊ ပြည်သူလက်ခံတဲ့ အစိုးရသာလျှင် အစိုးရယန္တရားကို လည်ပတ်နိုင်တယ်ဆိုတာကို ဖော်ပြချင်တဲ့ ရည်ရွယ် ချက်နဲ့ ပြုလုပ်ရတာဖြစ်ပါတယ်" လို့ NUG ရဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

လက်ရှိနိုင်ငံရေးအခြေအနေနဲ့ တိုင်းရင်းသားအခွင့်အရေး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေး တိုင်းရင်းသားတွေရဲ့ မျှော်လင့်ချက်ကိစ္စတွေနဲ့ ပတ်သက်ပြီး KNU Concerned Group က နော်စီဖိုးရာစိန် က ဒီဆွေးနွေးပွဲမှာ ရှင်းပြခဲ့ပါတယ်။ ဒီကိစ္စတွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ပြည်သူတွေအားလုံး အနေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့လည်း နော်စီဖိုးရာစိန်က တိုက်တွန်းပါတယ်။

သတင်းစာရှင်းလင်းပွဲမှာပဲ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူဘက်ကို ပူးပေါင်းလာတဲ့ စစ်တပ်နဲ့ ရဲ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး NUG အစိုးရအနေနဲ့ လုံခြုံရေး စားဝတ်နေရေး ပံ့ပိုးကူညီသွားမယ့်အကြောင်း နိုင်ငံခြားရေးဒု-ဝန်ကြီး ဦးမိုးဇော်ဦးက ပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွားကူးစက်ခံနေရတဲ့ ကိုဗစ် 19 ရောဂါနဲ့ပတ်သက်ပြီး စစ်ကောင်စီက ထိုးပေးနေတဲ့ ကာကွယ်ဆေးအပေါ် NUG ရဲ့ သဘောထား၊ ကိုဗစ်ကာကွယ်ဆေးရဖို့ NUG က နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဒေါက်တာဇော်ဝေစိုးက အဲဒီသတင်းစာရှင်းပွဲမှာ ရှင်းပြ သွားပါတယ်။

လက်ရှိမြန်မာနိုင်ငံမှာ ဆိုးဆိုးရွားရွားကူးစက်ခံနေရတဲ့ ကိုဗစ် 19 ရောဂါနဲ့ ပတ်သက်ပြီး NUG က နိုင်ငံ တကာနဲ့ ဆက်သွယ်ဆောင်ရွက်နေပြီး လောလောဆယ် Pfizer ကာကွယ်ဆေး လေးသန်း အပါအဝင် ထိုးဆေးသန်းပေါင်းများစွာ ရရှိထားပြီလို့ ပြောပါတယ်။

အမျိုးသားကျန်းမာရေးကာ်မတီ ဥက္ကဋ္ဌ ပဒိုမန်းမန်းကလည်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရေး အစီအစဉ်တွေကို ရှင်းပြသွားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org