နယ်စပ်က ဒုက္ခသည်တွေကို ပြည်တွင်းပြန်ခိုင်းတာရပ်ဖို့ ထိုင်းအစိုးရကို HRW တိုက်တွန်း
2023.11.30

မြန်မာပြည်တွင်းတိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ရောက်လာတဲ့ ဒုက္ခသည်ထောင်ပေါင်းများစွာကို ဘေးအန္တရာယ်ရှိတဲ့ဒေသဆီ တွန်းပို့နေတာရပ်ဖို့ ထိုင်းအစိုးရကို လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေး အဖွဲ့ HRW က နိုဝင်ဘာလ ၃၀ ရက်နေ့မှာ တိုက်တွန်းလိုက်ပါတယ်။
ထိုင်း-မြန်မာနယ်စပ်ကိုထွက်ပြေးခိုလှုံနေတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက အောက်တိုဘာလလောက်ကစပြီး ပြည်တွင်းပြန်ခိုင်းနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ အန္တရာယ် ကျရောက်မယ့်အခြေအနေ ကြုံနေရ တယ်လို့ HRW ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့လက ထိုင်းစစ်တပ်ဟာ ထိုင်း-မြန်မာ နယ်စပ်မှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို စစ်ရေး ပဋိပက္ခတွေ ဖြစ်နေတဲ့ ကရင်နီပြည်နယ်ထဲကို အတင်းအကျပ်ပြန်သွားခိုင်းခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေအနေနဲ့ မြန်မာ ဒုက္ခသည်တွေကို ဘေးအန္တရာယ်ရှိတဲ့ ဒေသကို တွန်းပို့နေတာ ရပ်တန့်ပြီး၊ ထိုင်းနိုင်ငံမှာ အကာအကွယ်ရှာဖွေဖို့ ခွင့်ပြုသင့်တယ်လို့ HRW ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး အီလိန်း ပီရာဆန်က တိုက်တွန်းလိုက်ပါတယ်။
အဲဒီလို အတင်းအကျပ် နေရပ်ပြန်ခိုင်းခံရတဲ့ ဒုက္ခသည်တွေဟာ ရက်ပိုင်းလောက်အတွင်းမှာပဲ ထိုင်းနိုင်ငံဘက် ပြန်ရောက်လာတာကိုကြည့်ရင် မြန်မာနိုင်ငံမှာ သူတို့ လုံခြုံရေးအတွက် ကြောက်ရွံ့နေရတာကို ပြသနေတယ် လို့လည်း သူက ပြောပါတယ်။
ထိုင်းနိုင်ငံဟာ ၁၉၈၀ ပြည့်နှစ်ကတည်းက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည် ကိုးသောင်းလောက်ကို ဒုက္ခသည်စခန်း ကိုးခုမှာ လက်ခံထားခဲ့ပါတယ်။ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းချိန်မှာတော့ နောက်ထပ် ဒုက္ခသည် လေးသောင်းခွဲလောက် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြတာ ဖြစ်ပါတယ်။ အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကို ထိုင်းအစိုးရက နယ်စပ်တစ်လျှောက်က တရားမဝင် ယာယီ စခန်းတွေမှာ ခိုလှုံခွင့်ပြုထားပေမယ့် နောက်ဆုံးမှာတော့ မြန်မာနိုင်ငံဘက်ကို ပြန်ခိုင်းနေတာ ဖြစ်တယ်လို့ HRW က ဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက အသစ်ရောက်လာတဲ့ ဒုက္ခသည်တွေကို ဒုက္ခသည် စခန်းတွေထဲ ဝင်ခွင့် မပြုသလို၊ လူသားချင်း စာနာမှု အကူအညီတွေ ရယူခွင့်လည်း ကန့်သတ်ထားတယ်လို့ HRW ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ မြန်မာဒုက္ခသည်တွေဆီကို နယ်စပ်ဖြတ်ကျော်အကူအညီတွေ ပံ့ပိုးပေးသင့်ပြီး မယ်ဟောင်ဆောင်ခရိုင်နဲ့ နယ်စပ်တစ်လျှောက်မှာ ယာယီခိုလှုံနေကြတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးသင့်တယ်လို့လည်း HRW က တိုက်တွန်းထားပါတယ်။