မလေးရှားရောက် မြန်မာဒုက္ခသည်တွေ UNHCR ကို ဆန္ဒပြ
မလေးရှားရောက် မြန်မာဒုက္ခသည်တွေရဲ့ ရသင့်တဲ့အခွင့်အရေးတွေရဖို့နဲ့ အသိအမှတ်ပြုကတ်တွေ အမြန်ထုတ်ပေးဖို့ Alliance of Chin Refugees ကဦးဆောင်ပြီး ကွာလာလာမ်ပူမြို့က UNHCR ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
-
RFA Burmese
2024-09-26 -
-
-
မလေးရှားရောက် မြန်မာဒုက္ခသည်တွေရဲ့ ရသင့်တဲ့အခွင့်အရေးတွေရဖို့နဲ့ အသိအမှတ်ပြုကတ်တွေ အမြန်ထုတ်ပေးဖို့ ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ (Alliance of Chin Refugees) က ဦးဆောင်ပြီး စက်တင်ဘာ ၂၆ ရက် ဒီနေ့မှာ မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတယ်လို့ အဲဒီလှုပ်ရှားမှုမှာ ပါဝင်သူတွေက RFA ကို ပြောပါတယ်။
မလေးရှားရောက် ဒုက္ခသည်တွေရဲ့ အခက်အခဲပြဿနာတွေကို UNHCR က လျစ်လျူရှုနေတာကို လက်မခံနိုင်တဲ့အတွက် ဒုက္ခသည်ငါးရာခန့်က စုပေါင်းပြီး ဆန္ဒပြတာလို့ ချင်းဒုက္ခသည်များ မဟာမိတ်အဖွဲ့ (Alliance of Chin Refugees) ရဲ့ ဥက္ကဋ္ဌ ဂျိမ်းဘွင်ထန်ဘိက RFA ကို ပြောပါတယ်။
“UN ကတ် မရတဲ့သူတွေ ပြောရမှာပေါ့နော်။ အဲဒါက ဆေးရုံဆေးခန်းတွေမှာဆို ဆရာဝန်တွေက ဒီတိုင်း UN card မရှိတဲ့အခါကျတော့ သူတို့ ဆေးကုခွင့်မပေးချင်ဘူး။ ချိန်းထားပြီးသားတောင် သူတို့ ပြန်လွှတ်လိုက်တယ်။ ဆိုတဲ့အခါကျတော့ ဆေးရုံကနေပြီးတော့ ဒေါက်တာက ဆေးစာရေးပေးတယ်။ UN ရုံးကို အရင်သွားလိုက်၊ ကတ်ရမှပဲ ကျွန်တော်တို့ ဆေးကုသပေးမယ် ဆိုတာတွေရှိတယ်။ တချို့ ဆေးကုသမှု မခံယူနိုင်လို့ အသက်ဆုံးရှုံးသွားတဲ့ လူတွေလည်း အများကြီးရှိတယ်။ ဒါမျိုးတွေ တောင်းဆိုတာတွေ အဆင်မပြေခဲ့ဘူး။ CDM တွေလည်း အများကြီးရှိတယ်။ အဲဒါတွေလည်း သူတို့က မပေးဘူးဆိုတဲ့အခါကျတော့ ဘာပဲဖြစ်ဖြစ် အားလုံးတန်းတူ အခွင့်အရေးရနိုင်အောင် တောင်းဆိုထားတာဖြစ်တယ်”
ဒီနေ့ တောင်းဆိုမှုအပေါ် UNHCR ဘက်က ကတိပေးတာတော့မရှိပေမဲ့ ဆန္ဒပြသူတွေဘက်က ပေးပို့တဲ့စာတမ်းတွေကို လက်ခံထားပြီးဖြစ်တာကြောင့် နောက်ဆက်တွဲ စောင့်ကြည့်ရမယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်ကစပြီး မြန်မာနိုင်ငံကို ပြန်လို့ရပြီဆိုတဲ့အကြောင်းပြချက်နဲ့ UNHCR က ချင်းဒုက္ခသည် ၁၆,၀၀၀ ဆီက ဒုက္ခသည်အသိအမှတ်ပြုကတ်တွေ ပြန်သိမ်းခဲ့ပြီး အဲဒီကတ်တွေကို အကုန်လုံးကို ပြန်ပေးဖို့လည်း တောင်းဆိုထားတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်သူတွေက ပြောပါတယ်။
ဆန္ဒပြဒုက္ခသည်တွေရဲ့ တောင်းဆိုမှုထဲမှာ ဒုက္ခသည်တွေကို UNHCR ရဲ့ လုံခြုံရေးအစောင့်များ ရိုင်းစိုင်းစွာ ဆက်ခံမှုအဆုံးသတ်ဖို့၊ ဒုက္ခသည်တွေကို ခွဲခြင်းဆက်ဆံခြင်းမပြုဖို့၊ မိဘမဲ့ကလေးတွေနဲ့ ပြုစုစောင့်ရှောက်သူမရှိတဲ့ သက်ကြီးရွယ်အိုတွေကို အရေးပေါ် အကူအညီပေးဖို့ ပါဝင်ပါတယ်။
မြန်မာဒုက္ခသည်တွေ ဆန္ဒပြတောင်းဆိုမှုနဲ့ပတ်သက်ပြီး ကွာလာလာမ်ပူမြို့က UNHCR ရုံးက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူး။
UNHCR မလေးရှားရုံးရဲ့ ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လကုန်အထိ စာရင်းတွေအရ မလေးရှားနိုင်ငံကတစ်ဆင့် နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ၁၉၀,၀၀၀ ကျော် ရှိတဲ့အထဲမှာ ၁၇၀,၀၀၀ ဝန်းကျင်က မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။