လေကြောင်းရန်ကြောင့် မြန်မာဒုက္ခသည်ငါးထောင်ကျော် မဏိပူရ်ပြည်နယ်ထဲ ထွက်ပြေးခိုလှုံ
2024.06.24

လေကြောင်းရန်နဲ့ တိုက်ခိုက်မှုတွေကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်မှာ လာရောက်ခိုလှုံနေတဲ့ မြန်မာနိုင်ငံသား ငါးထောင်ကျော် (၅,၄၀၀ ခန့်) ရှိတယ်လို့ အိန္ဒိယသတင်းစာ The Hindu က ဇွန်လ ၂၀ ရက်နေ့က ဖော်ပြပါတယ်။
မြန်မာစစ်ဘေးဒုက္ခသည်တွေဟာ မဏိပူရ်ပြည်နယ်၊ ကမ်ဂျွမ်ခရိုင်ထဲကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလက စတင်ခိုလှုံလာကြတာဖြစ်တယ်လို့ အာသံ ရိုင်ဖယ်တပ်ဖွဲ့အရာရှိတစ်ဦးက ပြောကြားခဲ့တာလို့ ဆိုပါတယ်။
ကမ်ဂျွမ်ခရိုင်ထဲက ရွာရှစ်ရွာမှာ မြန်မာစစ်ဘေးဒုက္ခသည်တွေကို ယာယီနေရာချထားပေးပြီး အဲဒီအထဲက ငါးထောင်ကျော် (၅,၁၀၀) ရဲ့ လက်ဗွေရာ၊ မျက်လုံး၊ အသံ စတဲ့ ဇီဝဆိုင်ရာ အချက်အလက်တွေ ကောက်ယူထားပြီးဖြစ်တယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေကပြောကြောင်း The Hindu က ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ပြည်တွင်းစစ်ကြောင့် မဏိပူရ်ပြည်နယ် ကမ်ဂျွမ်ခရိုင်ကို ရောက်နေတဲ့ မြန်မာနိုင်ငံသား ၅၈၀၀ ကျော်ရှိနေကြောင်း ပြည်နယ်ဝန်ကြီးချုပ် အန်ဘီယန်ဆင်းကလည်း ပြီးခဲ့တဲ့ မေလဆန်းပိုင်းမှာ ပြောကြားထားပါတယ်။
အဲဒီထဲက ၁၅ ဦးဟာ သဘာဝဘေးဒဏ်ကြောင့် သေဆုံးခဲ့ရပြီး ၃၅၉ ဦးကတော့ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် နေရပ်ပြန်သွားတယ်လို့ ဆိုပါတယ်။
မဏိပူရ်ပြည်နယ် ကမ်ဂျွမ်ခရိုင်ဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်ရဲ့ နယ်စပ်ဒေသဖြစ်ပါတယ်။