မီဇိုရမ်ရောက် ဒုက္ခသည်သုံးသောင်းကျော်ကို ဒုက္ခသည်အသိအမှတ်ပြုကတ် ထုတ်ပေးဖို့စီစဉ်နေ

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲ ထွက်ပြေးလာကြတဲ့ သုံးသောင်းကျော်ရှိတဲ့ မြန်မာ စစ်ဘေးဒုက္ခသည်တွေကို မီဇိုရမ်ပြည်နယ်အစိုးရက ဒုက္ခသည်အသိအမှတ်ပြုကတ်ပြား Refugee ID ကတ်တွေ ထုတ်ပေးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
မီဇိုရမ်ပြည်နယ် အစိုးရက အိန္ဒိယဗဟိုအစိုးရဆီ တင်ပြထားတယ်လို့ သိရကြောင်း အိန္ဒိယ နိုင်ငံ အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ရဲ့ ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်း က RFA ကို ပြောပါတယ်။
“ဗဟိုအစိုးရနဲ့ ပြည်နယ်အစိုးရတို့ ညှိုနေကြတယ်ပေါ့နော်၊ ပြီးခဲ့တဲ့ နှစ်လလောက် ကတည်းက ဗဟိုအစိုးရဆီ တင်ပြထားတာ လက်ရှိလူဦးရေအရ ထောက်ပံ့ပေးနိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ချိတ်ဆက်ရဦးမှာပေ့ါ’’
လက်ရှိမှာ ချင်းပြည်နယ်ထဲက မတူပီ၊ တီးတိန်၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ကလေးမြို့နယ် တွေဘက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အင်အားအလုံးအရင်းနဲ့ ရောက်နေပြီး CDF တပ်ဖွဲ့ဝင်တွေနဲ့ တိုက်ပွဲတွေ နေ့စဉ်ဆက်တိုက် ဖြစ်ပွားနေတယ်လို့ CDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။
အဲဒီတိုက်ပွဲတွေကြားမှာ ဒေသခံတွေ ဒုက္ခသည်အဖြစ် ထပ်မံရှိနေသေးပြီး သွားလာရေး ခက်ခဲကာ သူတို့လုံခြုံရေးကိုလည်း စိုးရိမ်ရတယ်လို့လည်း ဆလိုင်းဇအုပ်လိန်းက ပြောပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ချင်းပြည်နယ်မှာ လုံခြုံရေး အခြေအနေ၊ စစ်ဆေးရေးဂိတ်နဲ့ သွားလာခွင့်ပြုမိန့် မရတာတွေကြောင့် အကူအညီ လိုအပ်နေသူတွေထံ သွားရောက်ဖို့ ခက်ခဲနေတယ်လို့ ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ထားပါတယ်။