တက်ကြွလှုပ်ရှားသူတွေအပေါ် သေဒဏ်အမိန့် နိုင်ငံတကာရဲ့ဝေဖန်မှု စစ်ကောင်စီကန့်ကွက်

2022.06.06
တက်ကြွလှုပ်ရှားသူတွေအပေါ် သေဒဏ်အမိန့် နိုင်ငံတကာရဲ့ဝေဖန်မှု စစ်ကောင်စီကန့်ကွက် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော်
RFA

စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်ခဲ့သူတွေကို ကွပ်မျက်မယ့်ဆုံးဖြတ်ချက်အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာရဲ့ ဝေဖန်ကန့်ကွက်မှုတွေဟာ “အကြမ်းဖက်မှုကို အားပေးရာရောက်တယ်”လို့ စစ်ကောင်စီက တုံ့ပြန်လိုက်ပါ တယ်။

သေဒဏ်ချမှတ်ခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်အမတ်ဟောင်း ဦးဖြိုးဇေယျာသော် နဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ (ခေါ်) ဦးကျော်မင်းယုတို့ အပါအဝင် တက်ကြွလှုပ်ရှားသူ ၄ ဦးကို ကွပ်မျက်မယ့် စစ်ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ၊ ပြင်သစ်နဲ့ အမေရိကန်နိုင်ငံတို့က ဒီရက်ပိုင်းမှာပဲ ဆက်တိုက် ဝေဖန်ရှုတ်ချခဲ့ကြပြီးနောက် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန် ၆ ရက်နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန် ပြီး အခုလို တုံ့ပြန်လိုက်တာပါ။

ပြင်သစ်သံရုံး၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောခွင့်ရသူတို့ရဲ့ တာဝန်မဲ့ ပြောဆိုချက်၊ ထုတ်ပြန်ချက်တွေအပေါ် ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ဖော်ပြထားပါတယ်။

ဦးဖြိုးဇေယျာသော်နဲ့ ဦးဂျင်မီတို့ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုထင်ရှားတဲ့အတွက် သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်တာကြောင့် ဒီအပေါ် ကုလသမဂ္ဂ၊ ပြင်သစ်နဲ့ အမေရိကန်တို့ရဲ့ ပြောဆိုချက်တွေဟာ တာဝန်မဲ့ ပြောကြားချက်၊ အကြမ်းဖက်မှုကို အားပေးရာရောက်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ပြင်သစ်သံရုံးရဲ့ထုတ်ပြန်ချက်ထဲမှာ စစ်ကောင်စီကို “တရားမဝင်စစ်အစိုးရ” လို့ သုံးနှုန်းခဲ့တဲ့အပေါ်မှာလည်း ပြင်းထန်စွာကန့်ကွက်တယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက တုံ့ပြန်ထားပါတယ်။

ပြင်သစ်သံရုံးရဲ့ ဇွန်လ ၄ ရက်ကြေညာချက်ထဲမှာတော့ - “တရားမဝင်သည့် စစ်အစိုးရက ကျင့်သုံးနေသော အကြမ်းဖက်ဝါဒကို သတ္တိရှိရှိ ရင်ဆိုင်နေတဲ့ မြန်မာလူမျိုးတွေကို လေးစားပြီး ဆက်လက် ထောက်ခံသွားမယ်” လို့ ဖော်ပြထားပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတွေကို ကွပ်မျက်မယ့်ဆုံးဖြတ်ချက်ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ဆုံးဖြတ် ချက်၊ မြန်မာနိုင်ငံမှာ သေဒဏ်နဲ့ပတ်သက်ပြီး နှစ်ပေါင်း ၃ဝ ကျော် ဆိုင်းငံ့ထားတာကို ဖောက်ဖျက်တာဟာ ကြီးမားတဲ့ ဆုတ်ယုတ်မှုလို့ ပြင်သစ်သံရုံးက ဝေဖန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ဒီကနေ့ကြေညာချက်ထဲမှာ - မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ လွတ်လပ်မှုရှိပြီး၊ နိုင်ငံသားအားလုံးအပေါ် ဥပဒေတွေကို တန်းတူ ကျင့်သုံးဆောင်ရွက်နေတယ်လို့ ဖော်ပြထားတာပါ။

ကုလသမဂ္ဂအတွင်းရေးမှူးရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ - စစ်ကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၃ အရ လူတစ်ဦးရဲ့ အသက်ရှင်ခွင့်၊ လွတ်လပ်မှုနဲ့ လုံခြုံမှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှု ဖြစ်တယ်လို့ ပြီးခဲ့တဲ့သောကြာနေ့က ဝေဖန်ခဲ့ပါတယ်။

လွတ်လပ်ပြီး ဘက်မလိုက်တဲ့ တရားခွင်မှာ အများပြည်သူရှေ့ကြားနာခွင့်နဲ့ ခုခံချေပခွင့်အတွက် လိုအပ်တဲ့ အာမခံချက်အားလုံး ရရှိဖို့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ ပြဋ္ဌာန်းထားတယ်လို့လည်း ဆိုပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို ၂ဝ၂၁ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှု ပုဒ်မတွေနဲ့ စွပ်စွဲပြီး စစ်ခုံရုံးကနေ ဒီနှစ် ဇန်နဝါရီလထဲမှာ သေဒဏ်ချမှတ်ခဲ့တာပါ။

အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် Ned Price က ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံ ခေါင်းဆောင်တွေကို ကွပ်မျက်မယ့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းရဲ့ သတင်းထုတ်ပြန်ချက်ဟာ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြတာဖြစ်ပြီး၊ အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချကြောင်းနဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။