နိုင်ငံတော်သမ္မတရုံး Viber သုံးပြီ

“Myanmar President Office” နာမည်နဲ့ Viber မှာ Public Chat ဖွင့်လှစ်လိုက်ပါပြီ။
“Myanmar President Office” နာမည်နဲ့ Viber မှာ Public Chat ဖွင့်လှစ်လိုက်ပါပြီ။ (Photo: Myanmar President Office)

0:00 / 0:00

အစိုးရရဲ့မူဝါဒတွေ၊ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ပြည်သူတွေဆီကို ဖြန့်ဝေဖို့နဲ့ ပြည်သူတွေရဲ့ သဘောထား တုန့်ပြန်ချက်တွေကို သိရှိနိုင်ဖို့ နိုင်ငံတော်သမ္မတရုံးက Viber အကောင့်ကို ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံး Viber Public Account ကနေ ဝင်ရောက်ဆွေးနွေးတာတွေထဲက နိုင်ငံအတွက် အကျိုးရှိမယ့် ကိစ္စတွေကို သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ဆီကို တင်ပြသွားမယ် လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေး က ပြောပါတယ်။

"လုပ်ကိုင်ဆောင်ရွက်နေတဲ့ အစိုးရတွေရဲ့မူဝါဒတွေ စီမံကိန်းလုပ်ငန်းတွေအပေါ်မှာ ပြည်သူလူထုရဲ့ တုန့်ပြန်မှု သဘောထားတွေကို အစိုးရတွေက သိဖို့လိုပါတယ်၊ သိမှလည်း ပြည်သူလူထုရဲ့ သဘောထားကို အခြေခံ ပြီးတော့ အချိန်မီ ပြင်ဆင်တာမျိုးကို လုပ်လို့ရမှာဖြစ်ပါတယ်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သမ္မတရုံး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နောက်နိုင်ငံတော်သမ္မတ အဆင့်ဆင့်ပေ့ါနော်၊ ဒါမျိုးတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေ ကျနော်တို့က ဒီအထဲကနေယူပြီးတော့ စဉ်းစားသွားမှာပါ"

နိုင်ငံတော်သမ္မတရုံး Viber အကောင့်ကနေ နိုင်ငံတော်သမ္မတရဲ့ လုပ်ဆောင်ချက်တွေနဲ့ မူဝါဒ ထုတ်ပြန်တာတွေ ကိုလည်း အချိန်နဲ့တပြေးညီ ဖေါ်ပြပေးသွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေက အစိုးရကို တိုက်ရိုက်တိုင်ကြားနိုင်မယ့် Mobile Phone Application တစ်ခု လုပ်ဆောင်နေ သလို တိုင်တန်းတဲ့ဌာနတွေ ဖွင့်လှစ်ပေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းတယ်လီဖုန်းကနေ Viber အသုံးပြုသူ ၅ သန်းကျော်ရှိတယ်လို့ သိရပါတယ်။

သမ္မတရုံး Viber လူမှုကွန်ရက်ဖွင့်လှစ်တာနဲ့ ပတ်သက်ပြီး သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး ကို RFA သတင်းထောက် ကိုမျိုးဇော်ကို က ဆက်သွယ်မေးမြန်းထားပါတယ်။