လုပ်ကြံမှုတရားခံ ဖမ်းပြီး ငါးရက်ကြာမှ အစိုးရကြေညာ
2017.02.04

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေး ဦးကိုနီကို အင်ဒိုနီးရှားနိုင်ငံလေ့လာရေး ခရီးစဉ်က အပြန် ရန်ကုန်လေဆိပ်မှာ ဇန်နဝါရီ ၂၉ ရက်နေ့ ညနေက သေနတ်သမားတဦး အနီးကပ်ပစ်ခတ်လို့ သေဆုံးရမှုနဲ့ ပတ်သက်ပြီး တရားခံတဦးကို ထပ်မံဖမ်းဆီးမိကြောင်း မြန်မာနိုင်ငံတော် သမ္မတရုံး က ဖေဖေါ်ဝါရီလ ၃ ရက် မနေ့ညနေပိုင်းမှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အဲဒီ ကြေညာချက်မှာ ရှေ့နေ ဦးကိုနီကို လေဆိပ်မှာ သတ်ဖြတ်ခဲ့တဲ့ ကြည်လင်းကိုစစ်ဆေးလို့ရရှိတဲ့ ဖေါ်ထုတ် ချက်တွေနဲ့ သိမ်းဆည်းရရှိတဲ့ သက်သေခံ ပစ္စည်းတွေအရပြစ်မှုကျူးလွန်ရာမှာ ပူးပေါင်းပါဝင်ခဲ့တဲ့ တရား ခံ အောင်ဝင်းဇော် ဆိုသူဟာဘားအံမြို့ကို ထွက်ပြေးသွားကြောင်း သိရတဲ့အတွက် သက်ဆိုင်ရာက
လိုက်လံပိတ်ဆို့ရှာဖွေခဲ့ရာမှာ ဇန်နဝါရီ ၃ဝ ရက်နေ့ မနက် ၄ နာရီ မိနစ် ၂ဝ ကသူ့ကို သံလွင်တံတားမှာ ဖမ်းဆီးရရှိခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။ ဒါ့အပြင်
ဒီအမှုနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီးဆက်လက်ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။
တဆက်တည်းမှာပဲ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ ပြည်သူတွေအနေနဲ့ ဘာသာရေးနဲ့လူမျိုးရေး သွေးထိုးမှုတွေကို သတိပြုကြဖို့နဲ့ တည်ငြိမ်ရေးပျက်အောင်
လုပ်ဆောင်မှုတွေကို တွေ့ရှိခဲ့ရင် သက်ဆိုင်ရာကို အသိပေးကြဖို့မေတ္ထာရပ်ခံထားပါတယ်။
ဒီအတောအတွင်း ထပ်မံရရှိတဲ့ ရိုက်တာသတင်းအရ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုကိုစုံစမ်းစစ်ဆေးရာမှာ ကြီးကြပ်ကွပ်ကဲဖို့အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အကြီးအကဲဗိုလ်ချုပ်ဇော်ဝင်းဟာ နေပြည်တော်ကနေ ရန်ကုန်မြို့ကို ကြာသပတေးနေ့ကရောက်ရှိလာတယ်လို့ သိရပါတယ်။ သေနတ်လက်နက်ကို အများပြည်သူ ကိုင်ဆောင်ခွင့် မရှိတဲ့ မြန်မာနိုင်ငံမှာ ဒီလူသတ်တရားခံတွေအနေနဲ့ လက်နက်တွေ ဘယ်လိုရရှိခဲ့သလဲဆိုတာကို ထောက် လှမ်းရေးက အဓိကထား စုံစမ်းနေကြောင်းလည်း ရဲအရာရှိတဦးကရိုက်တာသတင်းဌာနကို ပြောတယ်လို့ ဆိုပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အခုလို အောင်ဝင်းဇော် (ခ) မြင့်ဆွေ (ခ) ဗက ကိုဖမ်းဆီးမိကြောင်း facebook လူမှုကွန်ရက်စာမျက်နှာတွေမှာ တနင်္လာနေ့မနက် ကတည်းကပျံ့နှံ့နေခဲ့ပေမယ့် အာဏာပိုင်တွေက ထုတ်ဖေါ်ပြောဆိုခြင်း မရှိတဲ့အပြင်ရဲတပ်ဖွဲ့အကြီးအကဲတွေကိုယ်တိုင်က အဲဒီလို ဖမ်းဆီးမိတဲ့ သတင်းကို
မဟုတ်မမှန်ဖူးလို့ ငြင်းဆိုပြောကြားခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတရုံးရဲ့ကြေညာချက်မှာ ဖေါ်ပြထားတဲ့ တရားခံ အောင်ဝင်းဇော်ကို တနင်္လာနေ့က ဖမ်းဆီးမိချိန်နဲ့လူမှုကွန်ရက်မှာ ဓါတ်ပုံသတင်းတွေ တက်လာချိန်ဟာ တဆက်တည်းဆိုသလို ဖြစ်ပါတယ်။
အရေးကြီးတဲ့ တရားခံတဦး အခုလို ဖမ်းဆီးမိတဲ့ သတင်းကို လူမှုကွန်ယက်မှာမရှေးမနှောင်း တက်လာခဲ့ပေမယ့် သက်ဆိုင်ရာက ချက်ခြင်းထုတ်ပြန်ခြင်းမရှိပဲ
ဘာကြောင့် ငါးရက်ကြာ အချိန်ဆွဲထားခဲ့သလဲဆိုတာကိုတော့ မသိရသေးပါဖူး။ ဒီကိစ္စမှာလူထုကို အချိန်နဲ့တပြေးညီ အသိပေးဖို့ သက်ဆိုင်ရာတွေက
တာဝန်ပျက်ကွက်ခဲ့ကြောင်းနဲ့ အခုအချိန်ထိ သတင်းစာရှင်းလင်းပွဲကျင်းပပြုလုပ်ခြင်းမရှိတာကို ကန့်ကွက်ကြောင်း PEN Myanmar အဖွဲ့ ဥက္ကဌ စာရေးဆရာ
ဦးမျိုးမြင့်ညိမ်းက RFA ကိုပြောပါတယ်။
“သတင်းစာရှင်းလင်းပွဲဆိုတာက ဟို သတင်းထုတ်ပြန်တာနဲ့မတူဘူး၊သတင်းစာရှင်းလင်းပွဲဆိုတာ က ဖြစ်စဉ်တခုကိုရှင်းပြတယ်၊ မီဒီယာသမားတွေ ကလည်းသူတို့သိချင်တာကို ပြန်မေးတယ်၊ တာဝန်ရှိသော ပုဂ္ဂိုလ်တွေနဲ့ အပြန်အလှန်အမေးအဖြေလုပ်တာ၊ ပြည်သူလူထု ကိုယ်စား သတင်းသမားများ က မေးတာတွေကိုတာဝန်ရှိသောပုဂ္ဂိုလ်တွေက ပြန်ဖြေပေးရတာ၊ အဲဒီလိုမဟုတ်ပဲနဲ့သတင်း ထုတ်ပြန်လိုက်တယ်၊ ဒါဘဲ ငါတို့ အသိပေးလိုက်တယ် ဆိုတာမျိုးကဒီမိုကရေစီနည်းကျလဲမဟုတ်ဘူး၊ မင်းတို့ ဒါ သိလိုက်ကွာ ဒီလောက်သိရင်တော်ပြီဆိုတာမျိုးတော့ ကျနော်သဘောမတူဘူး။ တကယ်တမ်းကျရင် ကျနော်တို့မှာ မေးချင်တွေအများကြီးရှိတယ်၊ ကျနော်တို့မှာ မေးခွင့်လည်းရှိတယ်လို့ ယူဆတယ်၊ အဲဒါ ကိုပြန်ကြားရေးဝန်ကြီးဌာန သော်လည်းကောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနက သော် လည်းကောင်း၊သမ္မတရုံးက သော်လည်းကောင်း ကျနော်တို့ကို သတင်းစာရှင်းလင်းပွဲလုပ်ဖို့လိုအပ်တယ်လို့ ကျနော်ယူဆတယ်။ သတင်းသမားတွေဟာ ပြည်သူလူထုကိကိုယ်စားပြုပြီးမေးမှာဖြစ်တယ်၊ အဲဒါဟာ Rright To Information (လူထုရဲ့သတင်းအချက်အလက် သိရှိခွင့်) ဖြစ်တယ်၊ ကျနော် အဲဒါကို တောင်းဆိုပါတယ်”
နိုင်ငံတကာမှာတော့ အခုလို ဖြစ်ရပ်တွေမှာ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ၊ အာဏာပိုင်အဖွဲ့အစည်းတွေက နာရီပိုင်းအတွင်း သတင်းစာရှင်းလင်းပွဲတွေ ပြုလုပ်ပြီး
အများပြည်သူအတွက် သူတု့ိ အသိပေးနိုင်တဲ့ အချက်အလက်တွေကို အတတ်နိုင်ဆုံးပွင့်ပွင့်လင်းလင်း ထုတ်ဖေါ် အသိပေးကြပါတယ်။ ဒါ့အပြင် နောက်ဆက်တွဲ သတင်းစာရှင်းလင်းပွဲတွေကိုလည်း လိုအပ်သလို ထပ်မံကျင်းပလေ့ရှိပါတယ်။