မြန်မာ့အရေး ထိုင်း အဆိုပြုချက် လာအို ကြိုဆို
2024.04.29

မြန်မာ့ငြိမ်းချမ်းရေးအတွက် အာဆီယံအလှည့်ကျဥက္ကဋ္ဌ သုံးနိုင်ငံဦးဆောင်ကူညီဖို့ ထိုင်းအစိုးရရဲ့ အဆိုပြုချက်ကို လက်ရှိအာဆီယံဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံက ထောက်ခံလိုက်ပါတယ်။
မြန်မာနိုင်ငံက ပဋိပက္ခတွေဟာ အိမ်နီးချင်းနိုင်ငံအားလုံးကို ရိုက်ခတ်လာပြီဖြစ်တဲ့အတွက် မနှစ်က အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှား၊ ဒီနှစ် ဥက္ကဋ္ဌ လာအိုနဲ့ နောက်နှစ်မှာတာဝန်ယူရမယ့် မလေးရှားတို့ ပါတဲ့ ထရွိုင်ကာ လို့ခေါ်တဲ့ သုံးဦးအဖွဲ့ ဒါမှမဟုတ် တခြားစိတ်ဝင်စားတဲ့ နိုင်ငံတွေပါတဲ့အဖွဲ့က ဦးဆောင်ညှိနှိုင်းဖြေရှင်းဖို့နဲ့ အစည်းအဝေးတွေကို ထိုင်းနိုင်ငံမှာ ကျင်းပဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နီကွန်ဒက် ဘာလန်ကူရာက ပြီးခဲ့တဲ့သတင်းပတ်မှာ အဆိုပြုလိုက်တာပါ။
ဒီအဆိုကို လာအိုနိုင်ငံက ကြိုဆိုတဲ့အကြောင်း မစ္စတာ ဘာလန်ကူရာရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြထားတာဖြစ်ပါတယ်။ ဒါပေမဲ့ တခြားအာဆီယံ အသင်းဝင်တွေအပြင် မြန်မာဘက်က စစ်ကောင်စီရော၊ NUG အစိုးရပါ ဒီကိစ္စနဲ့ပတ်သက်လို့ တစ်စုံတစ်ရာပြောဆိုတာ မတွေ့ရသေးပါဘူး။