မြန်မာစစ်တပ် လက်နက်ဝယ်ယူတဲ့ကိစ္စ ထိုင်းဘဏ်တွေကို စစ်ဆေးမည်
2024.07.24

မြန်မာစစ်ကောင်စီလက်နက်ဝယ်ယူရေးမှာ ထိုင်းကူးသန်းရောင်းဝယ်ရေးဘဏ်တွေက ငွေအလွှဲအပြောင်းလုပ်တဲ့ကိစ္စကိုဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့က စုံစမ်းစစ်ဆေးမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ၂၄ ရက်က ပြောကြားလိုက်ပါတယ်။
ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းတွေက စစ်ကောင်စီအတွက် အမေရိကန်ဒေါ်လာ သန်း ၁၃၀ ဖိုးရှိတဲ့ လက်နက်နဲ့ စစ်ရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ တင်ပို့ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews) က ပြီးခဲ့တဲ့လက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
ထိုင်းက ဘဏ်ငါးဘဏ်က ငွေအလွှဲအပြောင်းလုပ်ပေးပြီး မနှစ်ကထက် ဒီနှစ် နှစ်ဆများတယ်လို့ ထောက်ပြပါတယ်။
ဒီငွေအလွှဲအပြောင်းကိစ္စ စုံစမ်းစစ်ဆေးမဲ့ ပူးတွဲအထူးတာဝန်တပ်ဖွဲ့ကို The Bank of Thailand ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့က ဖွဲ့စည်းမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောကြားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန်ကတော့ မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှုမှာ ထိုင်းဘဏ်တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာပါ စွပ်စွဲချက်ကို ဇူလိုင်လ ၁၉ ရက်နေ့က ပြတ်ပြတ်သားသား ငြင်းဆိုထားပါတယ်။