လေးကေ့ကော်မြို့ကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခံရ

2021.12.24
လေးကေ့ကော်မြို့ကို လက်နက်ကြီးတွေနဲ့ ထပ်မံပစ်ခတ်ခံရ ကရင်ပြည်နယ် လေးကေ့ကော်ဒေသကို ၂၀၂၁ ဒီဇင်ဘာ ၂၃ ရက်ညက စစ်လေယာဉ်နဲ့ တိုက်ခိုက်တာကြောင့် ထိုင်းဘက် ထွက်ပြေးလာသူတွေကို တွေ့ရစဉ်
ဓါတ်ပုံ - ကရင်အမျိုးသားမီဒီယာ

ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့ကို ဒီဇင်ဘာလ ၂၄ ရက် ဒီနေ့မနက်ပိုင်းက လက်နက်ကြီး တွေနဲ့ ထပ်မံပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုကြောင့် အရပ်သားတွေ ထိခိုက်မှုရှိ မရှိကို လတ်တလော မသိရသေးပါဘူး။

ဒီဇင်ဘာ ၂၃ ရက် မနေ့ညကတည်းက လေးကေ့ကော်မြို့သစ် အနောက်မြောက်ဘက်မှာရှိတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) စခန်းကုန်းဘက်ကနေ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပျံလာပြီး လေးကေ့ကော်မြို့သစ်နဲ့ မယ်ဝါးခီးရွာဘက်ကို ဗုံးကြဲခဲ့တဲ့အပြင် စက်သေနတ်တွေပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမဲ့ ကြိုတင်ရှောင်ရှားခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ KNLA တပ်သားတွေဘက်မှာ ထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ လေးကေ့ကော်ဘက်မှာ လုံခြုံရေးအရ ဆောင်ရွက် စရာရှိတာကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ RFA ကို ဒီဇင်ဘာလ ၂၃ ရက် မနေ့က ပြောဆိုထားပါတယ်။

တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းနားအထိ ထွက်ပြေးပုန်းရှောင်နေရတဲ့ ဖလူးနဲ့ မင်းလက်ပံက စစ်ဘေးဒုက္ခသည်တွေကတော့ ညတွင်းချင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြရပြီး ထိုင်းစစ်တပ်က ကားတွေနဲ့ မဲ့ကိုကင်း ယာယီဒုက္ခသည်စခန်းတွေအထိ ပို့ဆောင်ပေးခဲ့ရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ကတော့ လေကြောင်းကနေ တိုက်ခိုက်နေတဲ့ စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်ကို အမြန်ဆုံးအရေးယူဆောင်ရွက်ပေးဖို့နဲ့ လေကြာင်းပျံသန်းမှုကင်းမဲ့ဇုန် သတ်မှတ်ပေးဖို့ ကုလသမဂ္ဂကို ဒီဇင်ဘာလ ၂၀ ရက်နေ့ကတည်းက တောင်းဆိုထားသလို မနေ့ညမှာလည်း ထပ်မံ တောင်းဆိုခဲ့ပါတယ်။

လေးကေ့ကော်မြို့သစ် အနီးတဝိုက်မှာ KNU လက်အောက်ခံ KNLA တပ်နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေကြောင့် လေးကေ့ကော်မြို့သစ် အပါအဝင် ဖလူးကြီး၊ ဖလူးလေး၊ ရသေ့ဂူ၊ မယ်ဝါးခီး၊ မယ့်ထော် သလေး၊ ပဟိကလော် စတဲ့ကျေးရွာတွေ ဒေသခံတွေ ရွာလုံးကျွတ် ထွက်ပြေးနေရပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်နေ့ကပင် စတင်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လက်ရှိအချိန်အထိ စစ်ဘေးဒုက္ခသည် ၁၆၀၀၀ ဝန်းကျင်ရှိနေပြီလို့ လေးကေ့ကော်မြို့သစ်တာဝန်ခံ တီးဖားတရားက RFA ကို ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြောဆိုထားပါတယ်။

KNU ထိန်းချုပ်နယ်မြေထဲက ဖာပွန်ခရိုင် တပ်မဟာ (၅) နဲ့ ဒူးပလာယာခရိုင် တပ်မဟာ (၆) မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တပ်တွေ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းသုံးတိုက်ခိုက်တာ အခုနှစ်အတွင်း နှစ်ကြိမ်ရှိနေပြီလို့လည်း ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

win zaw
2021-12-24 08:07

ရက်စက်နေကြ ဆိုတော့ကာ ပြည်သူတွေရက်စက်ခြင်းတွေပဲခံနေရမှာပါ