လေးကေ့ကော်တဝိုက်ကို စစ်တပ်က လေကြောင်းကနေ ငါးရက်ဆက်တိုက် တိုက်ခိုက်

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက လေးကေ့ကော်မြို့နယ်တဝိုက်ကို ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ နေ့လယ် ၁ နာရီခွဲလောက်က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ဒီဇင်ဘာ ၂၇ ရက် ဒီနေ့ နေ့လယ်က လေယာဉ်နှစ်စီးနဲ့ ဗုံးကြဲခဲ့တာလို့ အဲဒီဒေသရောက်နေသူတွေက ပြောကြပါတယ်။
"မယ်ထော်သလေးလည်းပါတယ်။ လေးကေ့ကော်နဲ့ အနီးတဝိုက်ကို နေ့လယ် တစ်နာရီခွဲကျော်ကျော်က လေယာဉ်နှစ်စင်းတက်လာပြီး ဗုံးကြဲတာ"
ဒီဇင်ဘာ ၂၃ ရက်ကစလို့ လေကြောင်းကနေ တိုက်ခိုက်တာဟာ ဒီနေ့အထိ ၅ ရက်ဆက်တိုက်မှာ ခြောက်ကြိမ် ထက်မနည်း တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက် မနေ့က မနက် ၃ နာရီဝန်းကျင်ကလည်း စစ်ကောင်စီတပ်ဘက်က လေကြောင်းကတဆင့် ပစ်ခတ်ခဲ့သလို မေတ္တာလင်းမြိုင်နဲ့ ကျောက်လုံးကြီး စခန်းတွေကနေ လက်နက်ကြီးနဲ့ မနက် ၃ နာရီနဲ့ နေ့လယ် ပိုင်းတွေမှာ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အခုလို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ထိခိုက်သေဆုံးမှု အခြေအနေတွေကိုလည်း အတည်မပြုနိုင်သေးပါဘူး။
ဒီဇင်ဘာ ၁၅ ရက်ကစလို့ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ထဲ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) ရဲ့ တပ်ဖွဲ့တွေ နေ့စဉ်ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။