ကမ်ဂျွမ်မှာ မြန်မာ ငါးထောင်ကျော်ရှိတယ်လို့ မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ်ပြော

RFA Burmese
2024.05.12
ကမ်ဂျွမ်မှာ မြန်မာ ငါးထောင်ကျော်ရှိတယ်လို့ မဏိပူရ် ပြည်နယ်ဝန်ကြီးချုပ်ပြော အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အန် ဘီရန်ဆင်းအား တွေ့ရစဉ်။
PTI

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်လာတဲ့ ပြည်တွင်းစစ်ကြောင့် မဏိပူရ်ပြည်နယ် ကမ်ဂျွမ် ခရိုင်ကို ရောက်နေတဲ့ မြန်မာနိုင်ငံသား ၅၈၀၀ ကျော်ရှိတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အန် ဘီယန်ဆင်း က ပြောတဲ့အကြောင်း အင်ဒီယန်း အိပ်ခ်စပရက်သတင်းမှာ မနေ့က ဖော်ပြထားပါတယ်။

၁၅ ဦးက သဘာဝဘေးဒဏ်ကြောင့် ကွယ်လွန်သွားပြီး၊ ၃၅၉ ဦးက ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ် ပြန်သွားတယ်လို့ သူက ပြောပါတယ်။

ဒီလူတွေအားလုံးကို နယ်မြေခံတွေနဲ့ကင်းအောင် ရွာ ရှစ်ရွာက သတ်မှတ်ထားတဲ့စခန်းတွေမှာ ပို့ထားတယ်လို့ ဆိုပါတယ်။ အဲဒီနေရာတွေမှာ ရဲတပ်ဖွဲ့ဝင်တွေချထားပြီး၊ ဒုက္ခသည်တွေရဲ့ ဇီဝအချက်အလက်တွေကောက်ဖို့ စနေပြီ ဖြစ်သလို၊ မြန်မာနိုင်ငံသားတွေဖြစ်တဲ့အကြောင်း စိစစ်မှာဖြစ်ပြီး၊ မြန်မာဘက်မှာ တည်ငြိမ်တာနဲ့ ပြန်ပို့မယ်လို့ ဆိုပါတယ်။

“တရားမဝင် ရောက်လာတဲ့သူတွေ၊ ကျူးကျော်တွေ၊ ဘိန်းစိုက်တဲ့သူတွေကြောင့် ပြဿနာမျိုးစုံ ရင်ဆိုင်ရတဲ့ ပြည်နယ်ကို ကာကွယ်ဖို့အတွက် ဒီလူတွေကိုဆက်ပြီး ပြန်ပို့သွားမယ်”လို့ မဏိပူရ်ပြည်နယ် ဝန်ကြီးချုပ် အန် ဘီယန်ဆင်းက ပြောပါတယ်။

ရွာမှာရှိတဲ့ စခန်းတွေက ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာကို ခရိုင်အုပ်ချုပ်ရေးရုံးက စီစဉ်ပေးသလို၊ မှတ်ပုံတင်ကတ်ကို လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပေးနေတယ်လို့ ဆိုပါတယ်။ သူတို့ကို စိုက်ပျိုးရေး ရာသီမတိုင်ခင် ပြန်ပို့ချင်ပေမဲ့ မြန်မာဘက်မှာ မကြာသေးခင်ကမှ ဗုံးကြဲခံထားရတဲ့အတွက် ပြန်ပို့မယ့်ကိစ္စအတွက် နှောင့်နှေးခဲ့ပါတယ်။ မဏိပူရ်ပြည်နယ် ကမ်ဂျွမ်ခရိုင်ဟာ စစ်ကိုင်းတိုင်း ဟုမ္မလင်းနဲ့ ဖောင်းပြင်တို့ရဲ့ နယ်စပ်ဒေသ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။