ရခိုင်နယ်စပ်ခြံစည်းရိုးကိစ္စ အစိုးရနဲ့ တပ်မတော် ခေါင်းဆောင်တွေ ဆွေးနွေး
2017.09.07

ရခိုင်ပြည်နယ်က ပျက်စီးနေတဲ့ နယ်စပ်ခြံစည်းရိုးတွေကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ဖို့နဲ့ ခြံစည်းရိုးကာဖို့ ကျန်ရှိနေတဲ့နေရာတွေမှာ အမြန်ဆုံးကာရံနိုင်ဖို့အတွက် လိုအပ်တဲ့ ဘဏ္ဍာငွေတွေကို နိုင်ငံတော်အစိုးရက ချက်ချင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားဖို့ မနေ့က နိုင်ငံတော်သမ္မတ အိမ်တော်မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်အရေးကိစ္စများနဲ့ ဥပဒေစိုးမိုးရေးဆိုင်ရာ ရှင်းလင်းတင်ပြတဲ့ အခမ်းအနားမှာ ဆွေးနွေးကြပါတယ်။
မနေ့က ပြုလုပ်ခဲ့တဲ့ အဲဒီအခမ်းအနားကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နဲ့ ပြည်ထောင်စုဝန်ကြီးတွေ တက်ရောက်ခဲ့တယ်လို့ နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။။
နယ်စပ်ခြံစည်းရိုး လုံခြုံရေးအားနည်းတဲ့နေရာတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လုံလောက်စွာ တိုးမြှင့်ချထားဖို့ အတွက်ကိုလည်း အဲဒီ အခမ်းအနားမှာ ဆွေးနွေးခဲ့ကြပါတယ်။
အကြမ်းဖက်မှုမှာ ပါဝင်သူတွေကို ဥပဒေနဲ့အညီ ဖော်ထုတ်အရေးယူဖို့နဲ့ ရခိုင်ပြည်နယ်အတွင်း လူမျိုး၊ ဘာသာ မခွဲခြားဘဲ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေဆက်ပေးဖို့နဲ့ ရခိုင်ပြည်နယ်တွင်း ဆောင်ရွက် မယ့် ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးကြပါတယ်။
နိုင်ငံတော်သမ္မတက နိဂုံးချုပ် အမှာစကားပြောရာမှာ အကြမ်းဖက်မှု မဖြစ်အောင် ကြိုတင်ကာကွယ်ဖို့ လိုအပ်သလို တစ်ဖက်မှာလည်း ပြည်သူတွေရဲ့ စိုးရိမ်ကြောင့်ကြမှုတွေကို အခွင့်ကောင်းယူပြီး သွေးထိုးလှုံ့ဆော်မယ့်သူတွေကို အချိန်မီဟန့်တားနိုင်ဖို့ တရားဥပဒေနဲ့ အညီ ထိရောက်စွာ အရေးယူဖို့ မှာကြားခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။