မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလာ

မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ဇူလိုင် ၃၀ ရက် ညနေပိုင်းမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၅၂၀၀ ကနေ ၅၃၀၀ နှုန်းနဲ့ ထိုင်းဘတ်ငွေ တစ်ဘတ်ကို မြန်မာကျပ်ငွေ ၁၄၀ ကနေ ၁၅၀ ကျပ် ကြား ရှိနေပါတယ်။

နိုင်ငံခြားငွေ ဒေါ်လာ၊ ထိုင်းဘတ်နှင့် မြန်မာငွေစက္ကူအချို့ကို တွေ့ရစဉ်။

ပြည်တွင်းမှာ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေပြီး ဇူလိုင်လ ၃၀ ရက် ဒီနေ့ညနေပိုင်းမှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၅၂၀၀ ကနေ ၅၃၀၀ နှုန်းနဲ့ ထိုင်းဘတ်ငွေ တစ်ဘတ်ကို မြန်မာကျပ်ငွေ ၁၄၀ ကနေ ၁၅၀ ကျပ် ကြားရှိနေပါတယ်။

ငွေလုံးငွေရင်းကိုင်ထားသူတွေက မြန်မာကျပ်ငွေကနေ နိုင်ငံခြားငွေ ပြောင်းလဲဝယ်ယူမှု ဒီနေ့မှာ ပိုပြီးများလာတာကြောင့် အခုလို ဈေးတွေတက်လာတာလို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေက RFA ကို ပြောပါတယ်။

ဒီအတွက် ဈေးတွေမြင့်တက်နေပေမဲ့ ဝယ်မဲ့သူရှိပြီး ရောင်းမဲ့သူမရှိ ဖြစ်နေတယ်လို့ ရန်ကုန်မြို့က ငွေလဲလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ဈေးကွက်အခြေအနေကို ပြောပြပါတယ်။

“မြန်မာငွေကို မကိုင်ထားကြတော့တာ။ လက်ထဲငွေများများရှိတဲ့သူတွေက ဒေါ်လာနဲ့ ဘတ်ကို အဝယ်များလာကြတာ။ ကျွန်တော် ငွေလဲလုပ်နေတဲ့ တစ်လျှောက် ဒီတစ်ခါပဲ ဒီလိုဈေးတွေတက်တာ ကြုံဖူးတော့တယ်”

ထိုင်း - မြန်မာ နှစ်နိုင်ငံအကြား ငွေလဲလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးကလည်း ဇူလိူင်လ ၃၀ ရက်ဒီကနေ့ ညနေပိုင်းစကလို့ ထိုင်းဘတ်ဈေးတွေ မြင့်တက်လာပြီး မြန်မာ ကျပ်ငွေ တစ်သိန်းကို ထိုင်းဘတ် ၆၈၀ အထိ ကျပ်ငွေဈေး ဆက်တိုက်ကျဆင်းနေတယ်လို့ RFA ကို ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အခေါက်ရွှေဈေးနှုန်းဟာ ပြင်ပဈေးကွက်မှာ တစ်ကျပ်သားကို ငွေကျပ် ၆၅ သိန်းအထိ ဈေးပေါက်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org