မြန်မာ-အိန္ဒိယ ဘတ်စ်ကားဆွဲမည်
2014.06.24
မြန်မာ နဲ့ အိန္ဒိယ နှစ်နိုင်ငံ ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲရေး မူလ သဘောတူညီချက်ကို မကြာခင် လက်မှတ် ရေးထိုး နိုင်တော့မယ်လို့ အိန္ဒိယနိုင်ငံထုတ် The Economic Times သတင်းစာက မနေ့က ဖေါ်ပြပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အင်ဖားမြို့ နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးမြို့ ကို ဆက်သွယ်မယ့် ကားလမ်း ဖေါက်လုပ်ပြီး၊ ဘတ်စ်ကားလိုင်း စတင်ပြေးဆွဲရေးကို စောနိုင်သမျှ စောစော အကောင်အထည် ဖေါ်ဖို့အတွက် နှစ်ဘက် အဆင်ပြေမယ့် အစောဆုံး နေ့ရက်မှာ နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုး ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ အိန္ဒိယ လမ်းပန်းဆက်သွယ်ရေး နဲ့ အဝေးပြေးလမ်းမ ဆိုင်ရာ ဝန်ကြီးဌာန က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး နာရစ် ဗာမာ ဦးဆောင်တဲ့အဖွဲ့ဟာ နေပြည်တော် မှာ ပြီးခဲ့တဲ့ သီတင်းပတ်က ကျင်းပခဲ့တဲ့ မြန်မာ အိန္ဒိယ နှစ်နိုင်ငံ ဘတ်စ်ကားလိုင်းကိစ္စ နောက်ဆုံး ညှိနှိုင်း အတည်ပြုရေး ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။
အဲဒီဆွေးနွေးပွဲမှာ အင်ဖား ကနေ မန္တလေး အထိ နှစ်နိုင်ငံ နယ်စပ်ကျော် ဘတ်စ်ကားလိုင်း ဝန်ဆောင်မှု အကြောင်း နဲ့ မြန်မာနိုင်ငံတွင်းမှာ အိန္ဒိယ ရဲ့ အကူအညီ နဲ့ လက်ရှိ အပြီးသတ်နေတဲ့ ကလေးဝ ယာကြီး ကားလမ်း တည်ဆောက်မှု အခြေအနေတွေကို အိန္ဒိယဘက်က ရှင်းလင်းတင်ပြခဲ့ပါတယ်။