ထိုင်းမှာ ရောင်းစားခံ မြန်မာ ၂၁ ဦးကို ကယ်တင်


2014.03.28
migrant_arrest_thai_305_z.png ထိုင်းနိုင်ငံ ရနောင်း နယ်စပ်မြို့မှ ဖူးခက်သို့ အသွား၊ ဖေဖော်ဝါရီ ၁၃ ရက်နေ့က လမ်းခရီးတွင် ထိုင်းစစ်တပ်၏ ဖမ်းဆီးခြင်း ခံရသော မြန်မာလူမျိုး တရားမဝင် အလုပ်သမားများ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးက မဟာချိုင်မြို့မှာရှိတဲ့ ပုဇွန်စက်ရုံမှာ လူပွဲစားတွေကတဆင့် အရောင်းစား ခံထားရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၀ ကျော်ကို ထိုင်းအစိုးရ လူကုန်ကူးမှှု တိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့နဲ့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ပူးပေါင်းပြီး မတ်လ ၂၇ ရက်နေ့ မနေ့နေ့လည်ပိုင်းက ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

လူကုန်ကူးခံထားရတဲ့ မြန်မာအလုပ်သမားတွေထဲက အသက် ၁၆ နှစ်အောက် ကလေးငယ် နှစ်ဦးအပါ အဝင် မြန်မာနိုင်ငံသား ၂၁ ယောက် လွတ်မြောက် လာတာဖြစ်တယ်လို့ လူကုန်ကူးသူတွေကနေတစ် ဆင့် ရောင်းစားခံခဲ့ရတဲ့ အမျိုးသမီးတစ်ဦးက အခု လို ပြောပါတယ်။

“သမီး ၁၈ ရက်ပဲ ရှိသေးတယ်။ အရင်လုပ်တုန်းက ဟိုး လပ်ဘူရီ နာနတ်ခြံ၊ နာနတ်ခြံမှာ တစ်သောင်း နဲ့ရောင်းပြီး ဒီမှာက ခြောက်ထောင်၊ အဲ့နာနတ်သီးခြံမှာ ရောင်းတာ သမီးနဲ့အတူ သုံးယောက် ဟိုမှာ လင်မယားနှစ်ယောက် ကျန်ခဲ့တယ်၊ အခု သမီးတို့နဲ့ပါလာတာ ရက်ပိုင်းနဲ့ အများဆုံးကြာရင် ၂ လလောက်ပဲ။ သမီးတို့ ဒီမှာ အများကြီးပဲ။ မိန်းခလေးက ၁၁ ယောက် ကလေး တစ်ယောက်ပါတယ်၊ ယောက်ျားလေးလည်း ၁၀ ယောက် ကလေးတစ်ယောက်ပါတယ်။”

လူကုန်ကူးခံခဲ့ရတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားတွေကို ကယ်တင်နိုင်ခဲ့တာဟာလည်း မတ်လ ၂၆ ရက်နေ့က ထိုင်း မြန်မာနယ်စပ် မြဝတီမြို့မှာရှိတဲ့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အထူးရဲတပ်ဖွဲ့ ATIPD က တာဝန်ရှိသူတစ်ဦးကနေပြီး ထိုင်းနိုင်ငံ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT က ဒါရိုက်တာ ဦးကျော်သောင်း ကို အကူအညီတောင်းခံလာရာက ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ဦးကျော်သောင်း က ပြောပါတယ်။

“မြဝတီမြို့မှာ အခြေစိုက်တဲ့ မြန်မာအစိုးရ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တာဝန်ရှိတဲ့ လူတစ်ယောက်ကနေပြီးတော့ ဒီ မဟာချိုင် ပုဇွန်အလုပ်ရုံတစ်ရုံမှာ လူကုန်ကူးခံနေရတယ် ဒါကို အကူအညီပေးပါဆိုပြီးတော့ သတင်းအချက်အလက်တွေကို ကျနော် ရယူလိုက်တော့ အဲ့ဒီ အ လုပ်ရုံက ကျနော် ၂၀၁၂-၂၀၁၃ တုန်းက အလုပ်သမား ၇၀ လောက် ပိတ်လှောင်ခံထားရတယ် ဆိုပြီးတော့ ကျနော်တို့ ကယ်ထုတ်ဖို့ ကြိုးစားပြီးတော့ မအောင်မြင်ခဲ့တဲ့ အလုပ်ရုံဖြစ် နေတယ်၊ ဒါကြောင့်မိုလို့ မနေ့က စက်ရုံရှေ့ကို သွားစောင့်၊ အဲဒီထဲက အလုပ်သမားတစ်ယောက်ကို ခေါ်ထုတ် ပြီးတော့မှ ခေါ်ထုတ်လာတဲ့ အလုပ်သမားနဲ့  ဒီ..ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ကို သွားပြီးတော့မှ အကျိုးအကြောင်း သွားပြောပြီးတော့မှ ကယ်ထုတ်လိုက်ကြတာဖြစ်တယ်။”

လွတ်မြောက်လာတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကိုတော့ ဘန်ကောက်မြို့အနီးမှာရှိတဲ့ ပထုန်ဌာနီမြို့က ကယ်ဆယ်ရေးစခန်းမှာ နေရာချပေးထားပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။