မြန်မာပြည် လူ့အခွင့်အရေး တိုးတက်မှု အမေရိကန်ဝန်ကြီး ပြောကြား


2013.04.20

မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံသားတွေ လူ့အခွင့်အရေး ပိုမိုရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ John Kerry က ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ၂ဝ၁၂ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာကို သောကြာနေ့ (မနေ့က) ထုတ်ပြန်ခဲ့ရာမှာ မြန်မာပြည်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မစ္စတာကယ်ရီက ခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်နေပြီး လူ့အခွင့်အရေး ကာကွယ်ပေးမှုတွေ ပိုမိုကောင်းမွန်လာတဲ့အတွက် နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့တဲ့ မြန်မာပြည်ဟာ အခုတိုးတက်နေပါပြီ၊ မိမိတို့မြင်တွေ့လိုတဲ့ အခြေအနေတွေအထိ ဖြစ်မလာသေးပေမယ့် အကောင်းဖက်ကိုရှေ့ရှုနေတာ မြင်ရပါတယ်လို့ John Kerry က ပြောဆိုခဲ့ပါတယ်။ ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ တိုင်းရင်းသားဒေသ ပြဿနာတွေအပါအဝင် ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေကတော့ အများကြီးရှိနေသေးကြောင်းလည်း သူကပြောပါတယ်။

တဆက်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သူဟာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကျစဉ် ဘဝကပင် တွေ့ဆုံခဲ့ဖူးကြောင်းပြောဆိုရင်း အာဖရိကခေါင်းဆောင် နယ်လ်စင်မင်ဒဲလားလို နှစ်ပေါင်းများစွာ အကျဉ်းချခံရပြီး လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုတချိန်က ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့ သူတွေအပေါ် အာဃာတမထားပဲ မြန်မာပြည်တိုးတက်ပြီး လွတ်လပ်မှုတွေ ပိုမိုရရှိရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေကို စတင်နိုင်ခဲ့ပါပြီလို့ ပြောကြားလိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ၂ဝ၁၂ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာအကြောင်း ဦးခင်မောင်စိုး တင်ပြထားတာကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။