ပခုက္ကူက အထည်ချုပ်စက်ရုံပိုင်ရှင် လစာငွေပေးချေမယ်လို့ပြော


2018.08.23
myanmar-fu-faung-622.jpg ဆန္ဒပြနေတဲ့ ပခုက္ကူမြို့က Myanmar Fu Fung အထည်ချုပ်စက်ရုံ အလုပ်သမားတွေကို စက်ရုံရှေ့မှာ ၂၀၁၈ ဇူလိုင်လ ၆ ရက်နေ့ က တွေ့ရစဉ်
Photo: Zaw Win Htun's Facebook

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်မှာရှိတဲ့ Myanmar Fu Fung အထည်ချုပ်စက်ရုံက အလုပ်သမား ၃၀၀ ကျော်ကို ၃၇ ရက်စာ လစာမပေးဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့တဲ့ အလုပ်ရှင်ဟာ အလုပ်သမားတွေကို လာမယ့် စက်တင် ဘာလ ၁၅ ရက်နေ့မှာ လစာလာရောက်ပေးချေမယ်လို့ ပခုက္ကူမြို့နယ် အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့ထံ အကြောင်းကြားစာပေးပို့လိုက်ပါတယ်။

အခုလ ၂၀ ရက်နေ့က စာပေးပို့လာတာလို့ ပခုက္ကူမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင် ကပြောပါတယ်။

“ ၂၀ ရက်နေ့က မြို့နယ်ညှိနှိုင်းဖြန့်ဖြေရေးဥက္ကဌဆီ စာထွက်လာတယ်။ ပခုက္ကူမြို့စက်မှု ၁ လမ်း နဲ့ မေယုလမ်းမှာ တည်ရှိတဲ့ Myanmar Fu Fung အထည်ချုပ်စက်ရုံက ကျား ၈ ဦး၊ မ၃၀၄ ဦး ပေါင်း ၃၁၂ ဦးရဲ့ ၇ လပိုင်းလစာတွေကို ၁၅ ရက် ၉ လ ၂၀၁၈ ရက်နေ့မှာ ရှင်းပေးမယ်ဆိုပြီး နောက်ဆုံး အခြေအနေ ပြန်လာတယ်။ ဒါကို အလုပ်သမားတွေပြန်ချိတ်ပြီး မြို့နယ်ညှိနှိုင်း ဖြန်ဖြေရေးအဖွဲ့က ရှင်းပေးရမှာပေါ့။”

အဲဒီစက်ရုံက အလုပ်သမားတစ်ဦးဟာ အချိန်ပိုကြေးမပါဘူးဆိုရင် တစ်လလုပ်ခလစာဟာ ကျပ်တစ်သိန်းခွဲဝန်းကျင် ခန့်သာရရှိတာဖြစ်ပါတယ်။

အလုပ်ရှင်ဘက်ပေးပို့တဲ့ အကြောင်းကြားစာမှာ ပြီးခဲ့တဲ့ ၇ လပိုင်းလစာ တစ်လစာသာပေးချေဖို့ ပြောထားပြီး အလုပ်သမားတွေကတော့ နှစ်လစာပေးချေပေးဖို့ လိုလားတယ်လို့ အလုပ်သမားခေါင်းဆောင် ကိုအောင်သူဝင်းစိန် ကပြောပါတယ်။

“လုပ်အားခအနေနဲ့ ၃၇ ရက်စာပေါ့။ ကျနော်တို့ပြောရမယ်ဆိုရင်တော့ အဲဒါကိုမရတဲ့အတွက် အလုပ် လက်မဲ့ဖြစ်သွားတဲ့သူတွေများတယ်လေ။ ၃၀၀ ကျော်ဝန်းကျင်မှာရှိတာကိုး။ အဲတော့ ကျနော်တို့က လုပ်အားပျက်ဖြစ်သွားတဲ့အတွက်ကြောင့် ကျနော်တု့ိအနေနဲ့ ၈ လပိုင်းလုပ်အားခကိုလည်းပေးစေချင် တယ်ပေါ့။ တောင်းဆိုထားတာပေါ့။ အလုပ်ရှင်ဘက်နေ ၇ လပိုင်းစာ တစ်လစာပဲ သူကပြောထားတာ ခင်ဗျ။ ကျနော်တို့ဘက်က အဲဒါကိုတော့မကျေနပ်ဘူး။ လောလောဆယ်တော့ သူတို့နဲ့လည်း ထိပ်တိုက် မရှင်းရသေးတဲ့အတွက် ကျနော်တို့ ဘာမှတော့ မပြောရသေးဘူး။”

အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ လုပ်ခလစာကို သြဂုတ်လ ၆ ရက်နေ့ညက စောင့်ဆိုင်း ထုတ်ယူစဉ်မှာ အလုပ်ရှင်က လစာမပေးဘဲ ထွက်ပြေးတိမ်းရှောင်သွားခဲ့တာကို သိရှိခဲ့ကြတာဖြစ်ပါတယ်။

အဲဒီစက်ရုံကို အစိုးရက ညတွင်းချင်း ချိတ်ပိတ်ခဲ့ပြီး အလုပ်ရှင်က လစာမပေးတဲ့အခါ စက်ရုံမှာကျန်ရှိနေတဲ့ စက်ပစ္စည်းတွေနဲ့ အထည်လိပ်တွေကို လေလံတင်ရောင်းချပြီး အလုပ်သမားတွေရဲ့ လုပ်ခလစာတွေ ကို ပေးချေသွားမယ်ဆိုပြီး အလုပ်သမားတွေနဲ့ ညှိနှိုင်းထားခဲ့တာ ဖြစ်ပါတယ်။

Myanmar Fu Fung အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အမျိုးသမီးအတွင်းခံအဝတ်တွေကို  ချုပ်လုပ်တာဖြစ်ပါတယ်။

အဲဒီစက်ရုံကို တရုတ်နိုင်ငံသားနောက်တစ်ဦးက လွှဲယူဖို့ လာရောက်ကြည့်ရှုနေတာရှိကြောင်းနဲ့ အဆင်ပြေမယ် ဆိုရင် အလုပ်သမားတွေအနေနဲ့ အလုပ်ပြန်ရနိုင်ချေရှိတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင် ကပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။