ဖိနှိပ်လို့ လှေစီးရွှေ့ပြောင်းကြတာ မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးပြော


2015.06.04
wanna-maung-lwin-press-620.jpg ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ဇွန်လ ၄ ရက်နေ့က နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် သတင်းစာရှင်းလင်းစဉ်
Photo: Hset Paing Toe/RFA

အရှေ့တောင်အာရှပင်လယ်ပြင်မှာ လှေတွေနဲ့မျောနေကြတဲ့ ရွှေ့ပြောင်းဒုက္ခသည် ပြဿနာရဲ့ အကြောင်းရင်းဇစ်မြစ် ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဘာသာရေးလူမျိုးရေးအရ ခွဲခြားဆက်ဆံ ဖိနှိပ်ညှဉ်းဆဲ သတ်ဖြတ် မှုတွေကြောင့်ဖြစ်တယ်လို့ စွပ်စွဲနေကြသလိုမဟုတ်ဘဲ၊ လူမှောင်ခိုနဲ့ စီးပွားရေး၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေဖို့ လှေစီးထွက်ခွာသူတွေဖြစ်တယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးရုံးမှာ သံတမန်တွေကို ခေါ်ယူကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အခုလို ပြောကြားခဲ့ပါတယ်။

ပင်လယ်ပြင်မှာတွေ့ရှိတဲ့ လှေစီးဒုက္ခသည်တွေဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ခွဲခြားဆက်ဆံ ဖိနှိပ်ခံရ တာတွေကြောင့် တခြားနိုင်ငံတွေဆီ ထွက်ပြေးလာကြသူတွေအဖြစ် ပြောဆိုနေကြပါတယ်။ လူမှောင် ခိုလှေတွေကိုဖမ်းမိလို့ မေးကြည့်ရင်လည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကလာတယ်လို့ပဲ ပြောကြပါတယ်၊ တကယ်တော့မဟုတ်ပါဘူး၊ အခု အန်ဒမန်ပင်လယ်ကတွေ့ရှိခဲ့တဲ့ လှေစီးရွှေ့ပြောင်းသူတွေကို စစ်ဆေးမေးမြန်းတဲ့အခါ ရခိုင်ပြည်နယ်ကလာသူတွေ မဟုတ်ဘူးဆိုတာ တွေ့နေရပါပြီ။ သူတို့အများစု ဟာ ဒေသတွင်းက အလုပ်အကိုင် အခွင့်အလမ်းကောင်းတဲ့ နိုင်ငံတွေကို ရွှေ့ပြောင်းနေခိုင်ဖို့ ပင်လယ် ကို ဖြတ်နေကြသူတွေဖြစ်ပါတယ်၊ အလားတူ ဒေသတွင်းနိုင်ငံတွေကလည်း လုပ်အားခဈေးပေါတဲ့ အလုပ်သမားတွေ လိုချင်နေကြတာဟာလည်း ပင်လယ်ကို လှေတွေနဲ့ကူးဖြတ်သူတွေ များပြားလာစေတဲ့၊ သူတို့ကို လူမှောင်ခိုတွေရဲ့ သားကောင်တွေ ဖြစ်သွားစေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ် လို့ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံခြားသားဒုက္ခသည်တွေကို ကာလကြာရှည် တာဝန်ယူနိုင်မှာ မဟုတ်ဘဲ၊ နိုင်ငံသား စိစစ်စစ်ဆေးတာတွေ အတည်ပြုပြီးပြီဆိုရင်၊ သူတို့ရဲ့နေရင်းနိုင်ငံကို ပြန်ပို့ပေးရမှာဖြစ်ကြောင်း ဦးဝဏ္ဏ္ဏမောင်လွင်က ပြောကြားခဲ့ပါတယ်။

ရိုဟင်ဂျာနဲ့ ဘင်္ဂါလီ အသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ရောက်ရှိနေတဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး က ဒေသခံတစ်ဦးကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။