နိုင်ငံတစ်ဝန်း သီးနှံစိုက်ဧက ခြောက်သိန်းခွဲနီးပါး ရေနစ်မြုပ်

နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် မြို့နယ်ပေါင်း ၈၄ မြို့နယ်က စပါးနဲ့မိုးသီးနှံစိုက်ဧကပေါင်း ခြောက်သိန်းခွဲနီးပါး ရေဝင်နစ်မြုပ်နေပါတယ်။

ရေနစ်မြုပ်သွားသည့် နေပြည်တော်မှ လယ်ယာမြေများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ Myanmar Military Photo

နိုင်ငံတစ်ဝန်း ရေကြီးရေလျှံမှုတွေကြောင့် မြို့နယ်ပေါင်း ၈၄ မြို့နယ်က စပါးနဲ့မိုးသီးနှံစိုက်ဧကပေါင်း ခြောက်သိန်းခွဲနီးပါး (၆၄၃၀၈၁) ရေဝင်နစ်မြုပ်နေတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သီးနှံစိုက်ဧကတွေ ရေနစ်မြုပ်တာအပြင် လယ်ယာသုံး ကျွဲ၊ နွားတွေ အပါအဝင် တိရစ္ဆာန်မျိုးစုံ တစ်သိန်းသုံးသောင်းနီးပါးလည်း (၁၂၈၃၄၄) နီးပါးလည်း အခုရေဘေးမှာ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒါဟာ ရေကြီးရေလျှံမှုကို ဆိုးဆိုးဝါးဝါး ကြုံတွေ့ခဲ့ရတဲ့ နေပြည်တော်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နဲ့ ဧရာ၀တီတိုင်းတို့မှာ ကြုံခဲ့ရတာပါ။

နေပြည်တော် တပ်ကုန်းမြို့နယ်က လယ်သမားတစ်ဦးကတော့ သူ့စိုက်ခင်းနေရာမှာ ရေတွေပြန်ကျသွားပေမဲ့ လယ်တွေအားလုံး ရွှံ့နွှံတွေဖုန်းလွှမ်းနေလို့ ပြန်လည်စိုက်ပျိုးဖို့ ခက်ခဲနေကြောင်း RFA ကို ပြောပါတယ်။

“သူ့အကွက် ကိုယ့်အကွက်တောင် မမှတ်မိတော့ဘူး။ ကန်သင်းတွေလည်း မရှိတော့ဘူး။ အကုန်လုံး သစ်တွေနဲ့ နုန်းတွေနဲ့ ဖုံးကုန်ပြီ။ ဒီနေရာတွေမှာ ပြန်စိုက်ပျိုးဖို့အတွက် စက်ယန္တရားတွေနဲ့ ဖော်ရင်တောင် တော်တော်အချိန်ယူရမယ်။ ဆုံးရှုံးမှု အရမ်းများတယ်”

စစ်ကောင်စီကတော့ ထိခိုက်ပျက်စီးတဲ့ စိုက်ပျိုးမြေတွေမှာ ရာသီအချိန်မှီ ပြန်စိုက်နိုင်ဖို့ နည်းပညာနဲ့ အကူအညီတွေ ပံ့ပိုးမယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

အခုရေဘေးမှာ နေအိမ် တစ်သိန်းခွဲကျော် ရေမြုပ်ခဲ့သလို လူ ၂၂၆ ဦး သေဆုံးခဲ့ပြီး လမ်းတံတားတွေ၊ လျှပ်စစ်ဓာတ်အားလိုင်းတွေ၊ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေနဲ့ ရုံးဌာနအဆောက်အအုံတွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org