စိန်ခေါ်ချက်မျိုးစုံနဲ့ ရင်ဆိုင်နေရလို့ ဆက်လက် ရှင်သန်နိုင်မယ့် အခွင့်အရေးပေးသင့်

အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တွေ့ရစဉ်
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တွေ့ရစဉ် (Photo: AFP)

ဒီမိုကရေစီ နုနယ်သေးပေမယ့် စိန်ခေါ်ချက်ပြဿနာမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံကို ဆက်လက် ရှင်သန်နိုင်မယ့် အခွင့်အလမ်းပေးဖို့ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေး ဦးသောင်းထွန်း က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စု အမျိုးသားလုံခြုံရေးအကြံပေး Mr. H.R. McMaster နဲ့ တယ်လီဖုန်းကတဆင့် ပြောဆို ခဲ့ရာမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒါ့ပြင် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဝါရှင်တန် ဒီစီမှာ အမေရိကန်လွှတ်တော်အမတ်တွေကိုလည်း အလားတူ ပြော ဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ်ပြဿနာနဲ့ ပတ်သက်ပြီး မြန်မာအပေါ် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ အရေးယူမှု အသစ်တွေ ချမှတ်မလားဆိုတာနဲ့ ပတ်သက်လို့တော့ အထူးတလည် မဆွေးနွေးခဲ့ကြဘူးလို့ သိရပါတယ်။

မြန်မာနိုင်ငံက မွတ်စလင်ဒုက္ခသည်အရေးနဲ့ပတ်သက်ပြီး မြန်မာစစ်တပ်အပေါ် လက်နက်အရောင်းအဝယ်နဲ့ စစ်ရေးသင်တန်းပေးတာတွေ ဆိုင်းငံ့ကြဖို့ အမေရိကန်အစိုးရက နိုင်ငံတကာကို ပြီးခဲ့တဲ့ သီတင်းပတ်က တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ သမ္မတ အိုဘားမား လက်ထက်က ဆိုင်းငံထားခဲ့တဲ့ စီးပွားရေးပိတ်ဆို့ အရေးယူ မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က ထပ်မံပြောဆိုတာတွေမရှိသေးဘူးလို့ ရိုက်တာသတင်းက ဖေါ်ပြ ပါတယ်။

ဒီအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကလည်း မြန်မာနိုင်ငံတချို့ဒေသတွေမှာ ဘာသာရေး လူမျိုးရေး တင်းမာ မှုတွေ မြင့်တက်လာနေတာနဲ့ ပတ်သက်ပြီး ပူပင်မိကြောင်း၊ သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်း ဆောင် ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ရဲ့ ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားမှာ ပူတင်က ပြောကြား ခဲ့တာ ဖြစ်ပါတယ်။