ဒုက္ခသည်ကြောင့် စီးပွားရေးထိခိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်ပြော
2017.01.12

ရခိုင်ပြည်နယ် ပဋိပက္ခတွေကို အဆုံးသတ်ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက မြန်မာကို တိုက်တွန်းလိုက်ပြီး၊ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည်တွေကြောင့် ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု ထိခိုက်ရတယ်လို့လည်း ပြောဆိုပါတယ်။
ရခိုင်အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ လာရောက်ဆွေးနွေးခဲ့တဲ့ မြန်မာအစိုးရ အထူးကိုယ်စားလှယ် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့ တွေ့ဆုံရာမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီ ကပြောကြားခဲ့တာပါ။
ရခိုင်ပြည်နယ်မှာ နောက်ဆုံးဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နယ်စပ်ကိုကျော်ဖြတ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်း ထွက်ပြေးဝင်ရောက်လာခဲ့ကြတဲ့ မူစလင်ဒုက္ခသည် အနည်းဆုံး ၆ သောင်းခွဲရှိကြောင်း၊ နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေမှာ လက်ရှိမှတ်ပုံတင်ထားတဲ့ ဒုက္ခသည် သုံးသောင်း သုံးထောင်၊ မှတ်ပုံမတင်ရသေးတဲ့ ဒုက္ခသည် သုံးသိန်း ဝန်းကျင်ရှိနေတဲ့အတွက်၊ ဘင်္ဂလားဒေ့ရှ်ရဲ့ စီးပွားရေး တိုးတက်မှု ထိခိုက်နေရကြောင်း လည်းပြောဆိုပါတယ်။
တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အထူးကိုယ်စားလှယ်ဘက်က သတင်းမီဒီယာတွေကို တစ်စုံတရာ မပြောဆိုကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။