မြန်မာသားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ WCS (Wildlife Conservation Society) က မြန်မာနိုင်ငံမှာရှိတဲ့ ဆင်တွေကို ကာကွယ်စောင့်ရှောက်ဖို့ အရေးတကြီးလိုအပ်နေပြီဖြစ်ကြောင်း ဇန်နဝါရီလ ၂၆ ရက်နေ့စွဲနဲ့ ကြေညာချက်တစောင်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။
မြန်မာပြည်မှာ ဆင်ရိုင်းကောင်ရေ ၂ ထောင်နဲ့ ဆင်ယဉ် ၃ ထောင်ကျော်ရှိပြီး ဆင်စွယ်နဲ့ဆင်သားရေ အပါအဝင်ဆင်ခန္ဓာကိုယ် အစိတ်အပိုင်း ရောင်းဝယ်ဖေါက်ကားမှုတွေတနေ့တခြား များပြားလာနေတာကြောင့် မြန်မာပြည်တွင်းက ဆင်အားလုံးကိုကာကွယ်ဖို့လိုပါတယ်လို့ မြန်မာ သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ပြန်ကြားရေးအရာရှိ ဦးသက်ဆွေအေး က RFA ကို ပြောပါတယ်။
သစ်တောပြုန်းတီးမှုတွေကြောင့် ဆင်တွေ ကျင်လည်ကျက်စားရာနယ်မြေ တနေ့တခြားကျဉ်းမြောင်းလာပြီး လူနေဒေသတွေအတွင်း ဝင်ရောက်မှုတွေ
ပေါ်ပေါက်ခဲ့တာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုကြောင်း၊ မြန်မာနိုင်ငံမှာ ၂ဝ၁ဝ ခုနှစ်ကနေ ကနေ့အထိ ဆင်ရိုင်း ၁၃၃ ကောင် သေဆုံးခဲ့ပြီး ၂ဝ၁၆ ခုနှစ်
တနှစ်တည်းမှာပဲ ဆင်ရိုင်း ၂၅ ကောင် သတ်ဖြတ်ခံခဲ့ရကြောင်းနဲ့ မြန်မာအစိုးရကဆောင်ရွက်မယ့် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အစီအစဉ် အောင်မြင်ဖို့
အလွန်အရေးကြီးကြောင်းလည်း ဦးသက်ဆွေအေး က ပြောပါတယ်။
ကမ္ဘာ့ သဘာဝ ထိန်းသိမ်းရေးအဖွဲ့ World Wildlife Fund ရဲ့ စာရင်းအရ ကမ္ဘာပေါ်မှာလက်ရှိအားဖြင့် အာဖရိက ဆင်ကောင်ရေ ခုနှစ်သိန်းနဲ့ အာရှဆင်
သုံးသောင်းနှစ်ထောင်ခန့် ရှိပါတယ်။