မြန်မာငါးရှဉ့် ဂျပန်ကို တိုးမြှင့်တင်ပို့မည်
2017.01.27

မြန်မာနိုင်ငံက မွေးမြူရေးငါးရှဉ့်တွေကို ဂျပန်နိုင်ငံကို တိုးမြှင့်တင်ပို့ဖို့ မြန်မာနဲ့ ဂျပန်ကုမ္ပဏီတွေ စာချုပ်ချုပ်ဆိုလိုက် ပါတယ်။
မြန်မာနိုင်ငံက အဏ္ဏဝါဒေဝီ ငါးလုပ်ငန်းကုမ္ပဏီနဲ့ ဂျပန်က ဒိုင်အိချိ ကောက်ဆု ဆန်ဂျိုးကုမ္ပဏီတို့ ချုပ်ဆိုလိုက်ကြ တာပါ။
စာချုပ်အရ ဂျပန် ဒိုအိချိကုမ္ပဏီက ဒေါ်လာငွေ ၁ သန်း ရင်းနှီးမြှုပ်နှံထည့်ဝင်မှာဖြစ်ပြီး၊ မြန်မာ အဏ္ဏဝါဒေဝီကုမ္ပဏီ ဘက်က မြေနေရာ၊ သုတေသနနဲ့ တခြားအခြေခံအဆောက်အဦးတွေ ထည့်ဝင်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စီမံကိန်းကို ဒလမြို့နယ် ရန်ကုန်ပေါက်ကျေးရွာက ၁ ဟတ်တာ ကျယ်ဝန်းတဲ့ နေရာမှာ စတင်မယ်လို့ သိရပါတယ်။
ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ငါးရှဉ့်အများဆုံး စားသုံးတဲ့နိုင်ငံလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နိုင်ငံကို ငါးရှဉ့်အများဆုံးတင်ပို့နေခဲ့တာပါ။ အရင်က တစ်နှစ်ကို ငါးရှဉ့်တန်ချိန် ၁၂၀၀၀ အထိ တင်ပို့လာခဲ့ပေမယ့် မနှစ်ကတော့ တန်ချိန် ၇၀၀၀ ပဲ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။