မြန်မာ့ပညာရေး မြှင့်တင်ရေးအဖွဲ့ ဖွဲ့စည်းမည်
2013.10.08
မြန်မာ့ပညာရေးကို လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲဖို့အတွက် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကို စုစည်းပြီး မြန်မာ့ပညာရေး မြှင့်တင်ရေး အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြောပါတယ်။
နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန MICC မှာ မနေ့ မနက်ပိုင်းက ကျင်းပခဲ့တဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
လက်တွေ့ကျတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုလို့ အမည်ရတဲ့ အဲဒီဆွေးနွေးပွဲမှာ သမ္မတ ဦးသိန်းစိန်က အဖွင့်မိန့်ခွန်း ပြောကြားခဲ့ရာမှာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အဲဒီနိုင်ငံရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် လုံးဝတည်မှီနေကြောင်း၊ ပညာရေးဟာ နိုင်ငံနဲ့ လူမျိုးရဲ့ အသက်ဝိဉာဉ်၊ ဖွံ့ဖြိုးမှုရဲ့ အခြေခံအုတ်မြစ်၊ လူ့အဖွဲ့အစည်း တည်ငြိမ်အေးချမ်းမှုရဲ့ ဗဟိုအဖြစ် မိမိတို့အစိုးရအဖွဲ့က ခံယူထားကြောင်း၊ အခြေခံပညာနဲ့ အဆင့်မြင့်ပညာကဏ္ဍ နှစ်ရပ်လုံးမှာ မသင်မနေရ မူလတန်းပညာရေး၊ တက္ကသိုလ်တွေမှာ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရေး၊ အဆင့်မီ စနစ်တည်ထောင်ရေးစတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေကြောင်း၊ ကျောင်းသစ်တွေ တိုးချဲ့ဖွင့်လှစ်သလို၊ ကျောင်းအဆင့်တွေ တိုးမြှင့်ရေး၊ ကျောင်းဆရာတွေရဲ့ အရည်အသွေးတိုးမြှင့်ရေး၊ ကလေးဗဟိုပြု ချဉ်းကပ်သင်ယူမှုပုံစံနဲ့ လေ့ကျင့်သင်ကြားပေးရေးစတာတွေ ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် မြန်မာ့အမျိုးသားပညာရေးဟာ မူဟန်မယွင်း ဖွံ့ဖြိုးတိုးတက်ခြင်းကို ဖေါ်ဆောင်နိုင်စွမ်းရှိတဲ့၊ စဉ်ဆက်မပြတ် တိုးတက်နေတဲ့ နိုင်ငံတကာအဆင့် ခေတ်မီပညာရေးလမ်းကြောင်းပေါ် တက်ရောက်လျှောက်လှမ်းနိုင်တဲ့ပညာရေး ဖြစ်ကိုဖြစ်ရမယ်၊ ဒီအတွက် ပညာရှင်ကြီးတွေအနေနဲ့ မိမိတို့ရဲ့အတွေ့အကြုံတွေ၊ အမြင်တွေကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြပါလို့လည်း တိုက်တွန်းခဲ့ပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ လေ့လာချက်တွေမှာ မြန်မာနိုင်ငံမှာ စာသင်ကျောင်းနဲ့ ကျောင်းဆရာ မလုံလောက်တာ၊ မူလတန်းပြီးအောင် မနေနိုင်သူတွေ များပြားလာနေတာ၊ ပညာရေး အဆင့်အတန်း နိမ့်ကျလာနေတာစတဲ့ ပညာရေးကျဆင်းမှုကြီးနဲ့ ရင်ဆိုင်နေရတယ်လို့ ဖေါ်ပြကြပါတယ်။