ငလျင်ဘေးအတွက် မြန်မာကို အမေရိကန်က ဒေါ်လာနှစ်သန်း ကူညီမည်

RFA Burmese
2025.03.30
ငလျင်ဘေးအတွက် မြန်မာကို အမေရိကန်က ဒေါ်လာနှစ်သန်း ကူညီမည် ငလျင်ကြောင့် မန္တလေးမြို့ အဆောက်အအုံပျက်များအကြား ကယ်ဆယ်ရေးလုပ်နေသူများအား မတ်လ ၂၉ ရက်က တွေ့ရစဉ်။
Myanmar Rescue

မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ငလျင်ဘေးအတွက် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ်အကူအညီအဖြစ် အမေရိကန်ဒေါ်လာ နှစ်သန်း ကူညီသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက မတ်လ ၃၀ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဒီအကူအညီကို မြန်မာနိုင်ငံအခြေစိုက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့အစည်းတွေကတစ်ဆင့် ပေးအပ်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒီအပြင် အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)ရဲ့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ဟာ အရေးပေါ် နားခိုစရာ၊ အစားအသောက်၊ ဆေးဝါးလိုအပ်ချက်နဲ့ ရေရရှိရေးအပါအဝင် ငလျင်ဘေးသင့်ဒေသက လူထုရဲ့ အရေးပေါ်လိုအပ်ချက်ကို သုံးသပ်ဖော်ထုတ်ဖို့ မြန်မာနိုင်ငံကို လာရောက်မယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပျက်စီးဆုံးရှုံးမှုတွေကနေ ပြန်လည်ထူထောင်ဖို့ကြိုးစားနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်က တသားတည်းရှိပြီး ဒီကာလအတွင်း အသက်ဆုံးရှုံးမှုတွေနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

အမေရိကန်လိုပဲ ဗြိတိန်ကလည်း မြန်မာငလျင်အတွက် ပေါင်ဆယ်သန်း၊ဩစတေးလျက ဒေါ်လာနှစ်သန်း၊ တရုတ်က ယွမ်သန်းတစ်ရာ ကူညီမယ်လို့ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။