ထိုင်းနိုင်ငံ ခိုတောင်းကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားစုံတွဲ အသတ်ခံရမှုနဲ့ စွပ်စွဲဖမ်းဆီးခံထား ရတဲ့ ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို မြန်မာသံရုံး ဒုတိယစစ်သံမှူး ဦးဆောင်တဲ့ အထူးကိုယ်စားလှယ် အဖွဲ့က မနက်ဖြန် ကော့စမွီအကျဉ်းထောင်မှာ တတိယအကြိမ်မြောက် သွားရောက်တွေ့ဆုံမယ်လို့ သိရပါတယ်။
မြန်မာသံရုံး ဒုတိယစစ်သံမှူး ဗိုလ်မှူးသန်းထွန်းအောင် ၊ ရှေ့နေ ဦးအောင်မျိုးသန့်၊ MAT ထိုင်းနိုင်ငံရောက် မြန် မာနိုင်ငံသားများအဖွဲ့က ဦးကျော်သောင်းအပါအဝင် အဖွဲ့ဝင် ၅ ဦးဟာ အမှုနဲ့ပတ်သက်ပြီး အချက် အလက်တွေ ထပ်မံရယူဖို့အတွက် အခုလို သွားရောက်တွေ့ဆုံမှာဖြစ်ကြောင်း ကိုယ်စားလှယ် အဖွဲ့ဝင် MAT အဖွဲ့ရဲ့ ဒါရိုက်တာ ဦးကျော်သောင်း က ပြောပါတယ်။
"ကော့စမွီးကျွန်းအနီးနားက ကျွန်းတစ်ကျွန်းမှာ အဲဒီ့ကလေးတွေကို စဖမ်းစဉ်က အတူဖမ်းခံခဲ့ရတဲ့ အလုပ်သမား ၂ ယောက်ကို သူတို့ဆီကတဆင့် အချက်အလက်တချို့ကိုရယူတယ်၊ ညနေပိုင်းမှာလည်းပဲ အဲဒီ့ကလေးတွေရဲ့ အကြောင်းအရာ အခြေအနေကိုသိထားတဲ့ နောက်ထပ် အလုပ်သမား ၂ ယောက်နဲ့ တွေ့ တယ်ပေါ့၊ မနက်ဖြန် ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့ကို ကော့စမွီးအကျဉ်းထောင်မှာ သွားတွေ့ဖို့ရှိပါတယ်"
မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်က ဒီလူသတ်မှုကို အမှန်ဖော်ထုတ်နိုင်ရေးအတွက် ထိုင်းရှေ့နေများကောင်စီကို အမှုကို အပ်နှင်းခဲ့ပါတယ်။
ဒီအတောအတွင်း မနေ့က လိပ်ကျွန်းလူသတ်မှုမှာထိုင်းပြည်သူတွေ သံသယရှိနေတဲ့ ကျွန်းပိုင် သူဌေးသားက မျိုးရိုးဗီဇ DNA စစ်ဆေးမှုခံယူလိုက်ပြီလို့ သိရပါတယ်။