မြန်မာအဖွဲ့နဲ့ ရိုဟင်ဂျာတွေ တွေ့ဆုံမှု ရလဒ်ကောင်းကြောင်း ဘင်္ဂလားဒေ့ရှ်ပြော

မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကောက်စ်ဘဇားကို ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က ရောက်ရှိစဉ်
မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ကောက်စ်ဘဇားကို ၂ဝ၁၉ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့က ရောက်ရှိစဉ် (Photo: SUZAUDDIN RUBEL / AFP )

ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၀ ဦးပါ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ကောက်စ်ဘဇားက ဒုက္ခသည်တွေ ဘေးမသီရန်မခ နေရပ်ပြန်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဒုက္ခသည်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး၊ အစိုးရဘက်က ပြင်ဆင်ထားတဲ့ အခြေအနေတွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် ဒီနေ့ တနင်္လာနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒါကာမြို့မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး ၊ပူးတွဲ အလုပ်အဖွဲ့တစ်ဖွဲ့ကိုလည်း ဖွဲ့စည်းမယ်လို့ ဦးမြင့်သူက ပြောပါတယ်။ နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံပြင်ပမှာလည်း ဝန်ကြီးအဆင့် ဆွေးနွေးဦးမယ်လို့ သိရပါတယ်။

အာဆီယံအဖွဲ့ဝင် ကိုယ်စားလှယ်တွေကိုလည်း ဒုက္ခသည်တွေနဲ့ နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံဖို့ စီစဉ်ထားကြောင်း လည်း ပြောဆိုပါတယ်။

အခုလို မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုဟာ အပြုသဘောဆောင် တဲ့ ရလဒ်တွေရရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါပေမဲ့ မူလနေရပ်မပြန်ခင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးဖို့ ဒုက္ခသည်တွေက လိုလားနေကြပါတယ်။ အစိုးရဘက်ကတော့ ပြည်တွင်းကို ပြန်ရောက်မှ နိုင်ငံသားစိစစ်မှု သက်သေခံကတ်ပြား NVC ကတ်ထုတ် ပေးမှာဖြစ်ပြီး၊ မောင်တောဒေသအတွင်း လွတ်လပ်စွာ သွားလာ ခွင့်ပြုမှာဖြစ်ကြောင်းနဲ့ သူတို့တွေဟာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့အညီ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားနိုင် မှာဖြစ်တယ်လို့ ပြောထားပါတယ်။