မြန်မာနိုင်ငံပေးရမယ့် ကန်ဒေါ်လာ သန်း ၆ ထောင်ကို မြီရှင်နိုင်ငံတွေ လျှော်ပစ်

မြန်မာနိုင်ငံက တခြားနိုင်ငံတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ပေးဖို့ရှိနေတဲ့ ကြွေးမြီအားလုံးရဲ့ ၆ဝ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ သန်း ၆ ထောင်နီးပါးကို အထူးအစီအစဉ်တရပ် အဖြစ် ကြွေးမြီရှင်နိုင်ငံတွေက လျှော်ပေးတော့မယ့်အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကျန်တဲ့အကြွေးတွေကိုလည်း ဆိုင်းငံ့ကာလ ၇ နှစ် အပါအဝင် ၁၅ နှစ်အတွင်း ပြန်ဆပ်ဖို့ ကြွေးရှင် “ပါရီကလပ်အဖွဲ့” နဲ့ သဘောတူညီမှုရခဲ့တယ်လို့ ဆိုပါတယ်။

ပါရီကလပ် အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေနဲ့ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီး ဦးဝင်းရှိန် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ဇန်နဝါရီလ ၂၅ ရက် နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် သဘောတူညီမှုရခဲ့တာလို့ ဘဏ္ဍာအခွန်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ နော်ဝေးနိုင်ငံက အကြွေး ဒေါ်လာသန်း ၅ ရာကျော် လျှော်ပေးဖို့ သဘောတူခဲ့ပြီး၊ ဂျပန်နိုင်ငံကလည်း အကြွေးဒေါ်လာ သန်း ၃ ထောင်ကျော် လျှော်ပစ်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

တချိန်တည်းမှာပဲ အာရှဖွံ့ဖြိုးရေးဘဏ်ကနေ ၁၉၇၃ ခုနှစ်ကတည်းက ချေးယူထားပြီး ပြန်မဆပ်နိုင်သေးတဲ့ ဒေါ်လာ ၅၁၂ သန်းကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဘဏ်ရဲ့ အကူအညီနဲ့ ပြန်ပြီးဆပ်လိုက်နိုင်ပြီလို့ ဘဏ္ဍာအခွန် ဝန်ကြီးဌာနရဲ့ နောက်ထပ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အလားတူ ကမ္ဘာ့ဘဏ်ကလည်း မြန်မာနိုင်ငံကို အကြွေးသစ် ဒေါ်လာသန်း ၄၄၀ ချေးငှားဖို့ အတည်ပြုလိုက်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org