မြန်မာစစ်အာဏာသိမ်းမှု လုံခြုံရေးကောင်စီမှာ အရေးပေါ်ဆွေးနွေးမည်

2021.02.02

မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး ဒုတိယမြောက်နေ့ဖြစ်တဲ့ ဖေဖော်ဝါရီ ၂ ရက် ဒီကနေ့မှာ မကြာခင် နာရီပိုင်းအတွင်း ဒီပြဿနာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် တံခါးပိတ်ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ရေရှည်ခြိမ်းခြောက်နေတဲ့ မြန်မာနိုင်ငံပြဿနာကို ကျမတို့ ဖြေရှင်းချင်တယ်။ ဒါကြောင့် အာရှနဲ့ အိမ်နီးချင်း အာဆီယံနိုင်ငံတွေနဲ့ အနီးကပ် လုပ်ဆောင်သွားမယ်

… လို့ လုံခြုံရေးကောင်စီမှာ လက်ရှိ ဥက္ကဌ တာဝန်ယူထားတဲ့ ဗြိတိန်သံအမတ်ကြီး ဘာဘရာ ဝုဒ်ဝဒ် (Barbara Woodward) က သတင်းထောက်တွေကို မနေ့က ပြောခဲ့ပါတယ်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါတဲ့ လုံခြုံရေးကောင်စီမှာ တရုတ်၊ ရုရှား၊ အမေရိကန်၊ ပြင်သစ်နဲ့ ဗြိတိန် ငါးနိုင်ငံက ဗီတိုအာဏာသုံးခွင့် ရှိပါတယ်။ မြန်မာနိုင်ငံကိစ္စ လုံခြုံရေးကောင်စီမှာ ဆွေးနွေး ဆုံးဖြတ်တိုင်း အမြဲတမ်း ကာကွယ်လေ့ ရှိပြီး၊ အရင်ကလည်း မြန်မာဘက်ကနေ ဗီတိုသုံး ပယ်ချခဲ့ဖူးတဲ့ တရုတ်နိုင်ငံကတော့…

တင်းမာမှုတွေ ကြီးထွားမလာအောင်လို့ - နိုင်ငံတကာရဲ့တုံ့ပြန်ချက်အားလုံးဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ တည်ငြိမ်ရေးအတွက် ပံ့ပိုးပေးသင့်တယ်”…

လို့ လုံခြုံရေးကောင်စီ အရေးပေါ် အစည်းအဝေးမတိုင်ခင် ဒီနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဝမ် ဝမ်ဘင်း (Wang Wenbin) က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကတော့…

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ဘယ်လို မဟာဗျူဟာတွေနဲ့ ချဉ်းကပ်သင့်တယ်ဆိုတာကို သေချာ စဉ်းစားဖို့ လိုမယ်။ လက်ရှိ အခြေအနေကို ဘယ်လိုခြေလှမ်းနဲ့ ဘယ်လို တုံ့ပြန်သင့်တယ်ဆိုတာကို သေချာ စဉ်းစားဖို့ လိုတယ်။ နည်းမှန်လမ်းမှန် မချဉ်းကပ်ဘူးဆိုရင် နိုင်ငံရေးလွတ်လပ်ခွင့်ရှိတဲ့ ဒီမိုကရေစီ တိုင်းပြည်အဖြစ်ကနေ ကွန်မြူနစ် အာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းသွားလိမ့်မယ်

… ဆိုပြီး ဂျပန်ဒုတိယ ကာကွယ်ရေးဝန်ကြီး ယာဆူဟေဒေး နာကာယားမား (Yasuhide Nakayama) က Reuters သတင်းဌာနနဲ့ သီးသန့် မေးမြန်းခန်းမှာ သတိပေးသွားခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင် (Joe Biden) ကလည်း မြန်မာစစ်တပ်က အာဏာသိမ်းထားတာကို လက်လွှတ်လာအောင်၊ ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးအောင်၊ ဆက်သွယ်ရေးကန့်သတ်ချက်တွေ ပယ်ဖျက်အောင်နဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်တာတွေ မလုပ်အောင်အတွက် မြန်မာစစ်တပ်အပေါ် နိုင်ငံတကာက အတူတကွ ဝိုင်းပြီး ဖိအားပေးဖို့ ပြောဆိုတဲ့ အကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူ ဂျန် ဆာကီက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရတ်စ် (António Guterres) ကလည်း…

သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ တာဝန်ရှိသူတွေနဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးတဲ့အပေါ် ရှုတ်ချကြောင်းနဲ့ တိုင်းပြည်ရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အာဏာ အားလုံးကို တပ်က လွှဲပြောင်းယူတဲ့ ကြေညာချက်အပေါ် အထူးစိုးရိမ်ကြောင်း

… ကြေညာချက်ထုတ် ပြောဆိုခဲ့ပါတယ်။

အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ခရစ္စတင်း ဘာဂနာ (Christine Burgener) က ဒီကနေ့ လုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကိစ္စကို တင်ပြမှာပါ။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူး (Thomas Andrews) ကလည်း မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူကြဖို့ မနေ့က ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

လက်နက်ရောင်းချမှု ပိတ်ပင်တာနဲ့ ပြင်းထန်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုတွေကို ဒီမိုကရေစီ ပြန်ပြီး ကျင့်သုံးချိန်အထိ ပြင်းပြင်းထန်ထန် အရေးယူသွားဖို့ အရေးကြီးတယ်လို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ဟောင်းဖြစ်တဲ့ ယန်ဟီးလီ (Yanghee Lee) ကလည်း…

မင်းအောင်လှိုင်က သမ္မတ ဖြစ်ချင်ခဲ့တယ်။ ဒါကြောင့် အာဏာကို ဆက်ပြီး ယူချင်တယ်။ သူ အာဏာလိုချင်တဲ့ အကြောင်းကလည်း သူ့မိသားစုက စီးပွားရေး လုပ်ငန်းတွေ အများကြီး လုပ်ကိုင်နေတယ်။ ဒီလုပ်ငန်းတွေ ကလည်း စစ်တပ် ဒါမှမဟုတ် ခရိုနီစီးပွားရေးသမားတွေ ဒါမှမဟုတ် သူတို့နဲ့ ပတ်သက်သူတွေက လုပ်ကိုင်နေ တာဖြစ်တယ်

… လို့ Reuters သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ (Prayuth Chan-ocha) ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ သတင်းမီဒီယာတွေ သတိထားရေးကြဖို့ ဒီနေ့ သတိပေးလိုက်ပါတယ်။

အိမ်နီးချင်းနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး အကျိုးစီးပွားတွေကို မထိခိုက်စေလိုကြောင်းနဲ့ ဒါဟာ အာဆီယံအရေး ဖြစ်သလို၊ ပဋိပက္ခတွေ ကြီးထွားလာမှာ မလိုလားကြောင်းနဲ့ အာဆီယံရဲ့အခြေခံမူတွေကို စောင့်ထိန်းဖို့ လိုကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။

ထိုင်းဝန်ကြီးချုပ်က သတင်းမီဒီယာတွေကို ဒီလို သတိပေးလိုက်ပေမဲ့ ထိုင်းနိုင်ငံက စက်မှုဇုန် တည်ဆောက်ရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Amata ကော်ပိုရေးရှင်းကတော့ ရန်ကုန်မြို့က စက်မှုဇုန်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာတွေကို အရှိန်လျှော့တော့မယ်လို့ ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။ လက်ရှိ ဒေါ်လာ လေးသန်းခွဲ ကျော် ရင်းနှီးမြှုပ်နှံထားတဲ့ စက်မှုဇုန်လုပ်ငန်းတွေကို အရှိန်လျှော့မယ့်အကြောင်း ကုမ္ပဏီအဆင့်မြင့်အရာရှိ တစ်ဦးက အွန်လိုင်းကတစ်ဆင့် သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်ခုဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံကလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည် အပါအဝင် ထိန်းသိမ်းခံထားရသူအားလုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီပြဿနာကို ဥပဒေနဲ့အညီ ဒီမိုကရေစီ နည်းလမ်းတကျ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းသွားမယ်လို့ မျှော်လင့်တဲ့အကြောင်း လည်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာရှိတဲ့ အိန္ဒိယသံရုံးကလည်း သူ့နိုင်ငံသားတွေအနေနဲ့ မလိုအပ်ဘဲ မြန်မာနိုင်ငံကို ခရီးမသွားဖို့ သံရုံးရဲ့ဝဘ်ဆိုဒ်မှာ သတိပေးထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။