လူမစုရအမိန့် ထုတ်ပြန်ခဲ့ပေမယ့် တစ်နိုင်ငံလုံးမှာ ဆန္ဒပြမှုတွေ အရှိန်မလျော့ခဲ့
လူ ငါးဦးထက်ပိုပြီး လမ်းမကြီး၊ လမ်းသွယ်၊ လမ်းကြားတွေမှာ မစုဝေးဖို့နဲ့ ည ၈ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို အာဏာသိမ်းစစ်အစိုးရက ထုတ်ပြန်လိုက်ပြီးနောက် ဒီနေ့ လူထုဆန္ဒပြပွဲတွေကို ရဲ လုံခြုံရေးဘက်က တားဆီးတာ၊ လူစုခွဲဖို့ ရေဖျန်းကားတွေနဲ့ ဖျန်းတာ၊ နေပြည်တော်မှာဆိုရင် ရာဘာကျည်နဲ့ ပစ်ဖောက် လူစုခွဲတာတွေရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဝင်တွေအပြင် စစ်တပ်ဘက်ကလည်း လက်နက်တွေနဲ့ အသင့်နေရာယူထားကြတာရှိပါတယ်။
လူဦးရေ သိန်းချီဆန္ဒပြတဲ့ မန္တလေးမြို့မှာဆိုရင် ညနေပိုင်းအထိ ဆန္ဒပြလို့ ဖမ်းဆီးခံရသူ အယောက် ၃၀ ရှိခဲ့ပါတယ်။
မန္တလေး ၇၃ လမ်း၊ ၃၈ လမ်းထောင့်မှာ ပြည်သူတွေကို လုံခြုံရေး ရဲတပ်ဖွဲ့က ရေကားနဲ့ ဖြန်းတာကြောင့် ပြည်သူတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။
ရန်ကုန်မှာလည်း လူဦးရေ သိန်းနဲ့ချီ ဆန္ဒပြပွဲတွေ ဆက်ရှိနေပါတယ်။ ဆန္ဒပြသူဦးရေ အများအပြား စုဝေးကြတဲ့ လှည်းတန်းလမ်းဆုံက ဆန္ဒပြပွဲမှာ တက္ကသိုလ်ရိပ်သာလမ်းမှာ ရဲတပ်ဖွဲ့က စည်းတားထားပြီး တားထားတဲ့ စည်းကို ရဲတပ်ဖွဲ့ဘက်က ရှေ့ကို တိုးတိုးပြီးနေရာချလို့ ဆန္ဒပြသူတွေက နောက်ကို ဆုတ်ဆုတ်ပြီး နေရာ ရွှေ့လာတာ ညနေပိုင်းမှာ ပြည်လမ်းဝကို ရောက်လာပါတယ်။
ညနေ ၄ နာရီမှာ လှည်းတန်းဆန္ဒပြပွဲက လူစုခွဲခဲ့ပါတယ်။
အဓ္ဓမကို နိုင်တဲ့အထိ ဆန္ဒထုတ်ဖော်သွားမယ်လို့ ရန်ကုန်မြို့ တာမွေအဝိုင်းအနီး ဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ရှေ့ဆက်မယ့်အနာဂတ်အတွက် ရှေ့ထွက်တာလို့ ရန်ကုန်မြို့ ဆူးလေက ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ခဲ့တဲ့ လူငယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ညမထွက်ရအမိန့် ၁၄၄ ကို အာဏာသိမ်းစစ်တပ်က ထုတ်ပြန်လိုက်ပေမယ့် ဒီကနေ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးမှာ ဆန္ဒပြသူတွေ သိန်းချီ ဆက်လက်ဆန္ဒပြနေကြဆဲပါ။
မြို့တော်ခန်းမ အနီးပတ်ဝန်ကျင်နဲ့ ဆူးလေဘုရားလမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလလမ်းတွေကနေ တစ်ဖွဲ့ဝင် တစ်ဖွဲ့ထွက် ပုံစံနဲ့ ဆန္ဒပြနေကြတာဖြစ်ပြီး အရင်နေ့တွေကလို တစ်နေရာထဲမှာ စုဝေးဆန္ဒမပြတွေ မရှိတော့ပါဘူး။
ဒါ့ကြောင့် ဆူးလေးနဲ့ မြို့တော်ခန်းမရှေ့မှာ လုံခြုံရေး ရဲကားတွေ၊ ရေဖျန်းကားတွေနဲ့ လုံခြုံရေး ရဲတပ်ဖွဲ့ဝင် တွေ အင်အားတိုးချထားတာတွေ့ရပေမယ့် ညနေ ၄ နာရီအထိ ဆန္ဒပြသူတွေနဲ့ ထပ်တိုက်တွေ့ဆုံမှုတော့ မရှိသေးပါဘူး။
ဒီနေ့ ရန်ကုန်မြို့ ဆူးလေတစ်ဝိုက်က ဆန္ဒပြပွဲမှာ စည်ပင်ဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လျှပ်စစ်ဝန်ထမ်းတွေလည်း ပါဝင်ခဲ့ပါတယ်။
ရန်ကုန်မြို့က ဆန္ဒပြပွဲမှာပါဝင်တဲ့ အမြင်အာရုံ မသန်စွမ်းသူတစ်ဦးက နိုင်ငံသားတစ်ဦးဖြစ်တာကြောင့် ဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ရတာလို့ ပြောပါတယ်။
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းမကြီး ဗိုလ်ချုပ်ကျေးရုပ်ရှေ့က ဒီနေ့ ဆန္ဒပြပွဲမှာရှိနေတဲ့ တိုင်းဒေသကြီးလွှတ်တော် အမတ် ဦးညွန့်ရွှေအပါဝင် လူငယ် ငါးယောက်ကို ရဲတပ်ဖွဲ့က ဒီနေ့မနက် ၉ နာရီလောက်မှာ ဖမ်းဆီးသွားပါတယ်။
ဗိုလ်ချုပ်ကြေးရုပ်နားမှာ ပိတ်ထားတဲ့ ရဲတပ်ဖွဲ့ကို လမ်းဖွင့်ပေးဖို့ ဆန္ဒပြသူတချို့က ညှိနှိုင်းပြီးတဲ့နောက်မှာ ဖမ်းလိုက်တာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အခုချိန်ထိ ဘယ်ရဲစခန်းမှာ ဖမ်းဆီးခံထားရတယ်ဆိုတာ မသိရသေးဘဲ ရှေ့နေကနေတဆင့် အဆက်အသွယ်ရဖို့ စီစဉ်နေတယ်လို့လည်း ပြောပါတယ်။
ရဲတပ်ဖွဲ့က သူတို့ကိုဖမ်းပြီးနောက် ဆန္ဒပြလူအုပ်ထဲကို ရေနဲ့ဖျန်းပြီး လူစုခွဲတာတွေလည်း လုပ်ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပဲခူးမြို့က ဒီနေ့ ဆန္ဒပြပွဲမှာ အခြေခံပညာ ကျောင်းဆရာ ဆရာမတွေ၊ မီးရထားဝန်ထမ်းတွေ၊ ကျောင်းသားတွေနဲ့ ပြည်သူတွေ ပါဝင်ခဲ့ကြပါတယ်။
ဧရာဝတီတိုင်းမှာလည်း ပုသိမ်၊ ကန်ကြီးတောင်၊ မအူပင် အစရှိတဲ့ မြို့နယ်တွေမှာ ဆန္ဒပြပွဲတွေရှိခဲ့ပြီး လူဦးရေ သိန်းချီရှိခဲ့ပါတယ်။
ပုသိမ်မြို့က ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ကျောင်းဆရာမတစ်ဦးက သူတို့တာဝန်ထမ်းဆောင်ခဲ့တဲ့ ရွေးကောက်ပွဲကို မသမာဘူးလို့ စွပ်စွဲပြောဆိုတာကို မခံနိုင်ကြောင်း ရင်ဖွင့်ပါတယ်။
မွန်ပြည်နယ်၊ ရေး၊ မော်လမြိုင်၊ မြို့နယ်တွေမှာလလည်း လူမစုဖို့နဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ထား ပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက် ဆန္ဒပြမူတွေ ဆက်ရှိနေပါတယ်။
ရေးမြို့ပေါ်က ဆန္ဒပြသူတွေထဲမှာ ဒီနေ့ဆိုရင် ဆရာမတွေ ပါဝင်လာကြပြီး ဆန္ဒပြစစ်ကြောင်းဟာ အင်အား သုံးသောင်းကျော်ထိ ဖြစ်ခဲ့ပါတယ်။
စစ်အစိုးရအနေနဲ့ ကိုယ့်နေရာကိုယ်ပြန်နေပြီး ပြည်သူတွေပြောတဲ့ စကားကို နားထောင်ပေးဖို့လိုလားတယ်လို့ ရေးမြို့နယ်က ဆန္ဒပြပွဲမှာ ပါဝင်တဲ့ လူငယ်အမျိုးသားတစ်ဦးက ပြောပါတယ်။
စစ်အာဏာသိမ်းအစိုးရက ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ ကချင်၊ ကယား၊ မွန်၊ ရှမ်း၊ ကရင် စတဲ့ တိုင်းနဲ့ ပြည်နယ်တွေက မြို့နယ်အတော်များများမှာ လူ ငါးဦးထပ်ပိုမစုဖို့နဲ့ ညမထွက်ရ အမိန့် ထုတ်ပြန်ထားတာဖြစ်ပြီး အဲဒီမြို့နယ်တွေမှာ ဆန္ဒပြပွဲတွေ ဒီနေ့ရှိခဲ့တာပါ။
စစ်တပ်က အာဏာသိမ်းပြီးနောက် လူတွေ လမ်းပေါ် ထွက် ဆန္ဒပြနေကြတာ ဒီနေ့နဲ့ဆိုရင် ၄ ရက်မြောက်နေ့ ရှိနေပါပြီ။
စစ်အာဏာသိမ်းအစိုးရဘက်က အများပြည်သူ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်နိုင်တဲ့ အပြုအမူ တွေကို ဆောင်ရွက်နေတာတွေရှိနေပြီး ဒါတွေဟာ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေးထိခိုက်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်စေနိုင်လို့ စုဝေးဟောပြောခြင်း၊ ယာဉ်နဲ့ လူကိုယ်တိုင် စီတန်းလှည့်လည် ဆန္ဒပြခြင်းတွေကို မပြုလုပ်ဖို့နဲ့ ပြုလုပ်မယ်ဆိုရင် အရေးယူမယ်လို့ ဖေဖော်ဝါရီလ ၉ ရက် နေ့က ကြေညာခဲ့တာပါ။
ဆန္ဒပြသူတွေကတော့ အဲဒီတားမြစ်ချက်ကို လိုက်နာဖို့ မရှိဘူးလို့ တုံ့ပြန်ခဲ့ပြီး ဆက်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မန္တလေးနဲ့ နေပြည်တော်မှာ ပဋိပက္ခတချို့ ရှိခဲ့ပါတယ်။
ဆန္ဒပြပြည်သူတွေအပေါ် မတရားအင်အားသုံးဖို့ အမိန့်ပေးဆောင်ရွက်သူအားလုံးကို လူသားမျိုးနွယ်အပေါ် ချိုးဖောက်မှုတွေအဖြစ် အရေးယူနိုင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အင်ဒရူးက သတိပေးလိုက်ပါတယ်။
“မြန်မာပြည်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြပြည်သူများအား ဥပဒေနှင့်မညီသော မတရားအင်အားသုံးရန် အမိန့် ပေးခြင်းများကို လိုက်နာခြင်းမပြုရန် လုံခြုံရေးအဖွဲ့ဝင် များတွင် တာဝန်ရှိသည်။ အမိန့်ပေး၊ ဆောင်ရွက်သူ စဆုံး လူသားမျိုးနွယ်အပေါ် ချိုးဖောက်မှုများအား အရေးယူခြင်းပြုနိုင်သည်။ အမိန့်နာခံခြင်းဟု ကာကွယ်၍ မရ” လို့ သူ့ရဲ့တွစ်တာစာမျက်နှာမှာ ဒီနေ့ ရေးသားထားတာဖြစ်ပါတယ်။
လာမယ့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာကိစ္စတွေ ဆွေးနွေးဖို့ အထူးအစည်းအဝေး ခေါ်ထားပါတယ်။
ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရ ချက်ချင်း အပြည့်အဝအသက်ဝင်ဖို့ မြန်မာ ပြည်သူတွေနဲ့အတူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ် ကလည်း တောင်းဆို လိုက်ပါတယ်။
ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို ထောက်ခံတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံး စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတာအပါအဝင် လွတ်လပ်စွာ စုရုံးခွင့်၊ သိရှိ ဆက်သွယ် နိုင်ခွင့် အတွက် သတင်းအချက်အလက်တွေကို အွန်လိုင်းကနေရော၊ အွန်လိုင်းမဟုတ်တဲ့ဆီကရော လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံရရှိခွင့် အပါအဝင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက်လည်း အားပေး ထောက်ခံထားပါတယ်။
အများပြည်သူ စုရုံးခွင့်ကို ကန့်သတ်လိုက်တဲ့ စစ်တပ်ရဲ့လက်တလောကြေညာချက်နဲ့ ပတ်သက်ပြီးတော့လည်း စိုးရိမ်ကြောင်း ပြောထားပါတယ်။