CNN ရဲ့အာရှတလွှားပြောင်းလဲမှုစေ့ဆော်သူ စာရင်းထဲ မြန်မာနိုင်ငံသားပါဝင်

နေရိန်ကျော်
2019.12.27
cnn-activists-622.jpg CNN သတင်းဌာနက ထုတ်ပြန်လိုက်တဲ့ ၂ဝ၁၉ အတွင်း အာရှတလွှားပြောင်းလဲမှုကိုစေ့ဆော်သူ လူငယ်များ။
Photo: CNN

၂ဝ၁၉ ခုနှစ်အတွင်း အာရှတလွှား လူ့အဖွဲ့အစည်းတွေရဲ့အပြောင်းအလဲကို အားတက်သရောဝိုင်းတွန်းကြတဲ့ လူငယ်တွေထဲက သိသာတဲ့လူငယ် ငါးယောက် ကို CNN သတင်းဌာနက မနေ့က ထုတ်ပြန်လိုက်တဲ့အထဲမှာ မြန်မာလူငယ်တယောက်လဲ ပါဝင်ပါတယ်။

အဲဒီလူငယ်က ကိုရဲဝေဖြိုးအောင်ဖြစ်ပြီး  မြန်မာနိုင်ငံမှာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဘယ်လောက်ရှိနေလဲ ဆိုတာ သုတေသနပြုနေတဲ့ အသံအဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့သူဖြစ်ပါတယ်။

နောက်လူငယ်တွေကတော့ အမျိုးသမီးတွေဖြစ်ပြီး ထိုင်ဝမ်နိုင်ငံက အသက် ၂၄ အရွယ် ဝမ်ယုချင်း၊ ဟောင်ကောင် က ဂျိုစလင်းချောင်၊ အိန္ဒိယနိုင်ငံက ရစ်ဒီမာပန်ဒေးနဲ့ တောင်ကိုရီးယားကအသက် ၂၂ အရွယ် ဂျီဟေယန်းတို့ ဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံက ဝမ်ယုချင်းကတော့ အသက် ၁၇ နှစ် အရွယ်ကတည်းက လိင်တူချစ်သူများအခွင့်အရေး လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး နောက်ပိုင်းမှာတော့ လိင်တူလက်ထပ်ခွင့်အတွက် ပါဝင်လှုပ်ရှားခဲ့တဲ့သူဖြစ်ပါတယ်။

သူတို့ရဲ့လှုပ်ရှားမှုကြောင့် ထိုင်ဝမ်နိုင်ငံမှာ ပြီးခဲ့တဲ့မေလ ၁၇ ရက်နေ့ က လိင်တူချစ်သူတွေအချင်းချင်း တရားဝင် လက်ထပ်ခွင့် ရသွားခဲ့တဲ့အတွက် အာရှနိုင်ငံတွေထဲမှာ ထိုင်ဝမ်ဟာ လိင်တူလက်ထပ်ခွင့် တရားဝင်ခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်သွားပါတယ်။ ဒီလိုဖြစ်သွားတဲ့အတွက် သူ့နိုင်ငံအတွက် ဂုဏ်ယူတယ်လို့ ဝမ်ယုချင်းက ပြောပါတယ်။

ဟောင်ကောင်ကအမျိုးသမီးငယ် ဂျိုစလင်းချောင်က အသက် ၂၃ နှစ်အရွယ်ဖြစ်ပြီး ဒီမိုကရေစီရေး ဆန္ဒပြပွဲတွေနဲ့ မငြိမ်သက်တဲ့ ဟောင်ကောင်မှာ မြောက်ပိုင်းမဲဆန္ဒနယ်ရဲ့ ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက် ခံလိုက်ရပါတယ်။ သူဟာ ၂ဝ၁၄ ခုနှစ်ကဖြစ်ခဲ့တဲ့ ထီးတော်လှန်ရေးကာလမှာ ပါဝင်ခဲ့ရာကနေ နိုင်ငံရေးမှာ စိတ်ပါဝင်စားလာတဲ့သူဖြစ်ပါတယ်။

“ ကျမဟာ ကျမတို့ လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ဘယ်လိုကူညီနိုင်မလဲဆိုတာ အမြဲစဉ်းစားခဲ့တယ်” လို့ ဂျိုစလင်းချောင်က ပြောပါတယ်။

သူဘွဲ့ရပြီးတဲ့နောက်မှာတော့ ဘဏ်တခုမှာ အလုပ်ဝင်လုပ်ခဲ့ပြီး ပြီးခဲ့တဲ့ဇွန်လကစလို့ဖြစ်ခဲ့တဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကို တွေ့ကြုံလိုက်ရတဲ့အခါမှာတော့ သူဝင်ပါခဲ့တဲ့အခါမှာ လုံခြုံရေးအဖွဲ့ဝင်တယောက်က သူ့ကို လက်သီးနဲ့ထိုးပြီး သူ့ကိုင်ထားတဲ့ ပိုစတာကို လုယူဆုတ်ဖြဲတာခံလိုက်ရပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဂျိုစလင်းချောင်ဟာ ဒဏ်ရာကြီးကြီးမားမားမရခဲ့ပါဘူး။

အဲဒီနောက်တော့ ဟောင်ကောင်ကိုအန္တရာယ်မကျစေချင်တော့လို့ ခရိုင်ကောင်စီရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သူကပြောပါတယ်။

ရစ်ဒီမာပန်ဒေးကတော့ အိန္ဒိယနိုင်ငံကဖြစ်ပြီး အသက် ၁၂ နှစ်ပဲရှိသေးတဲ့ မိန်းကလေးဖြစ်ပါတယ်။ ဒါပေမယ့် သူ့ဂုဏ်သတင်းက ကမ္ဘာတလွှားကျော်ကြားခဲ့ပါတယ်။ သူဟာ ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုကိုတားဆီးဖို့ ကုလသမဂ္ဂမှာ တက်ပြောကြတဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက လူငယ် ၁၆ ယောက်ထဲက တယောက်ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတရာခန်းပြည်နယ်မှာနေထိုင်တဲ့ ရစ်ဒီမာပန်ဒေးဟာ ၂၀၁၃ ခုနှစ် နောက်ပိုင်းကတည်းက ဖောက်ပြန်လာတဲ့ မြေပြိုတာ၊ ရေကြီးတာ၊ လူတွေဘေးလွတ်ရာ ထွက်ပြေးရတာတွေကိုတွေ့ကြုံပြီး သဘာဝပတ်ဝန်းကျင်ရေးရာတွေ လေ့လာရင်းကြီးပြင်းခဲ့သူဖြစ်ပါတယ်။

ဒီကိစ္စတွေကို သူ့အစိုးရကို တင်ပြရင် တရားမျှတမှုရမှာမဟုတ်တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေကို တက်ပြောရင်တော့ ရနိုင်ချေရှိတယ်လို့ စဉ်းစားပြီး ကုလသမဂ္ဂမှာ သွားပြောတာလို့ ရစ်ဒီမာပန်ဒေး ဆိုပါတယ်။

ဂျီဟေယန်းကတော့ အသက် ၂၂ အရွယ် တောင်ကိုရီးယားနိုင်ငံသူဖြစ်ပါတယ်။ သူက အမျိုးသမီး အခွင့်အရေးလှုပ်ရှားလို့ ထင်ရှားလာတဲ့သူဖြစ်ပါတယ်။ တောင်ကိုရီးယားက စာသင်ကျောင်းတွေဟာ မိန်းကလေးတွေအတွက်လုံခြုံမှုရှိတယ်လို့ ဘယ်တော့မှမခံစားရဘူး။  ခွဲခြားဆက်ဆံခံရတယ်။  ကာအိန္ဒြေပျက်အောင် နှောင့်ယှက်ခံရတာတွေရှိတယ်လို့ သူကပြောပါတယ်။

မိန်းကလေးတွေကို အိမ်တွေ၊ လမ်းတွေ၊ ယုတ်စွအဆုံး အိမ်သာတွေထဲမှာ လျှို့ဝှက်ကင်မရာတွေနဲ့ ဗီဒီယိုရိုက်ပြီး တင်ကြတာတွေလဲရှိနေတယ်။ အဲဒါတွေကြောင့် “ကျမတို့ဘဝဟာရှင်တို့ လိင်ဖျော်ဖြေ ရေးအတွက်မဟုတ်ဘူး” ဆိုတဲ့ကြွေးကြော်သံနဲ့အတူ ပြီးခဲ့တဲ့ မတ်လမှာ ထောင်နဲ့ချီတဲ့အမျိုးသမီးတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ဆယ်ကျော်သက်ရွယ်မိန်းကလေးတွေလဲ ကျောင်းတွေမှာ လှုပ်ရှားလာကြပါတယ်။

ဂျီဟေယန်းဟာ သူ့အသက် ၁၆ နှစ်အရွယ်ကတည်းက အမျိုးသမီးတွေ လုံခြုံရေးနဲ့အခွင့်အရေး အတွက် လှုပ်ရှားလာခဲ့သူဖြစ်ပါတယ်။အဲဒီကိစ္စတွေအတွက် တောင်ကိုရီးယားအစိုးရကို တောင်းဆိုတိုက်တွန်းခဲ့ပေမယ့် အစိုးရက ဆောင်ရွက်မပေးနိုင်တာကြောင့် ဂျီဟေယန်းဟာ ဖေဖော်ဝါရီလက ကုလသမဂ္ဂကိုသွားပြီး တောင်းဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ တောင်ကိုရီးယားပညာရေးဝန်ကြီးဌာနက ကျားမတန်းတူရေးဆိုင်ရာအဖွဲ့ဖွဲ့ပေး ခဲ့ပြီး၊ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရရင် တိုင်ကြားနိုင်မယ့်ဌာန ဖွင့်ပေးခဲ့ပါတယ်။ အဲဒါဟာ မလုံလောက်သေးပေမယ့် အရေးယူမှုရဲ့ အစတော့ဖြစ်လာခဲ့ပါတယ်။

ကိုရဲဝေဖြိုးအောင်ကတော့ အသက် ၂၄ အရွယ် မြန်မာနိုင်ငံသားဖြစ်ပါတယ်။ သူက ၂ဝ၁၂ နောက်ပိုင်းမှာ ဒဂုံတက္ကသိုလ်မှာ ပညာသင်ခဲ့ပြီး ကျောင်းသားသမဂ္ဂမှာ ပါဝင်ခဲ့သလို ဒီမိုကရေစီပညာရေးလှုပ်ရှားမှုမှာလဲ ပါဝင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပုံမှန်ပညာရေးကို မယုံကြည်တဲ့အတွက် နေ့ကျောင်းကနေ အဝေးသင်တက္ကသိုလ်ကို ပြောင်းလိုက်ပြီး ဘာသာရပ်ကိုလဲ ဒဿနိကဗေဒကို ပြောင်းယူလိုက်ပါတယ်။

၂ဝ၁၈ ခုနှစ်မှာတော့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေညာစာတမ်းမှာပါတဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ပတ်သက်လို့ အထူးပြုလေ့လာတဲ့ အသံအဖွဲ့ကို တခြားလူငယ်နှစ်ယောက်နဲ့အတူ တည်ထောင်လှုပ်ရှားခဲ့ပါတယ်။
ဒီအခွင့်အရေးနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေ  သတင်းသမားတွေအတွက်တင် အန္တရာယ်ရှိနေတာ မဟုတ်ဘဲ သာမန်ပြည်သူတွေအတွက်လဲ အန္တရာယ်ရှိနေတယ်လို့ သူကပြောပါတယ်။

အခုလို CNN မှာ ဖော်ပြခံရတာနဲ့ ပတ်သက်လို့ ကိုရဲဝေဖြိုးအောင်က....

“ CNN က ဖော်ပြတဲ့အထဲမှာတော့ တက်ကြွလှုပ်ရှားသူတွေပေါ့ဗျာ။ ကျနော်က တက်ကြွလှုပ်ရှားသူလဲ ဟုတ်တယ်။ သုတေသီလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ဖြစ်သမျှကိစ္စတွေပေါ့နော်။ စစ်တပ်ကို ဖိအားပေးတဲ့ဟာတွေ၊ ပြည်တွင်းစစ်ကို ရှုတ်ချတဲ့ဟာတွေ၊ အမျိုးသမီးအခွင့်အရေးလိုဟာတွေမှာ ကျနော် အကုန်ဝင်မပါနိုင်ခဲ့တာကို အားမရခဲ့ပါဘူး။ ဒါပေမယ့် သုတေသနပိုင်းမှာတော့ ဒီနှစ်အတွက် အားရတယ်လို့ ပြောရမယ် ” လို့ပြောပြပါတယ်။

ထောင်တွေ ဖိနှိပ်မှုတွေက သူ့ယုံကြည်ချက်ကို ပြောင်းလဲပစ်နိုင်မှာမဟုတ်ဘူးလို့ ကိုရဲဝေဖြိုးအောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။