ကျောက်ဖြူ SEZ အကောင်အထည်ဖော်ရေး စာချုပ်ချုပ်ဆိုတော့မည်


2018.10.02
kyaukphyu-economy-zone-622.jpg ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို တေ့ွရစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသက အထူးစီမံကိန်း ၂ ခုကို အကောင်အထည်ဖော်ပြီး အကျိုးအမြတ်ခွဲဝေရာမှာ အဆိုပြုထားတဲ့ ၈၅/၁၅ ရာခိုင်နှုန်းအစား ၇၀/၃၀ ရာခိုင်နှုန်းကို ပြောင်းလဲစာချုပ်ချုပ်ဖို့ တရုတ်နဲ့ မြန်မာအကြား သဘောတူလိုက်တယ်လို့ သိရပါတယ်။

မူလက ကနဦး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇ ဘီလီယံနဲ့ စတင်ဖို့ လျာထားခဲ့တာဖြစ်ပေမယ့် အခုအခါမှာ စုစုပေါင်းကနဦးရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁ ဘီလီယံကျော် ပမာဏအထိ လျှော့ချလိုက်တယ်လို့လည်း သိရပါတယ်။

အကျိုးအမြတ်အနေနဲ့ တရုတ်က ၈၅ ရာခိုင်နှုန်း မြန်မာက ၁၅ ရာခိုင်နှုန်းသာရဖို့ လျာထားခဲ့ပေမဲ့ မြန်မာဘက်က ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မှုပမာဏအရ အကျိုးအမြတ်ကလည်း ပိုရနိုင်တာဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး က ပြောပါတယ်။

"သူတို့နှစ်ဦးနှစ်ဖက် အဆင်ပြေတယ်၊ သဘောတူတယ်ဆိုရင်တော့ စာချုပ်ချုပ်ကြမှာပေါ့ဗျာ၊ အချိုးအစားလေးတွေတော့ ပြောင်းပြီးတော့ စဉ်းစားထားတာရှိတယ်၊ အဓိကတော့ ကျနော်တို့ဘက်က တိုးပြီးတော့ယူဖို့ရှိတယ်၊ ဒါကတော့ လုပ်ငန်းပေါ်မှာ မူတည်ပြီးတော့ လုပ်ငန်းအောင်မြင်မှုနဲ့ အချိုးအစားပိုရလာဖို့ရှိတာပေါ့"

ကနဦးရင်းနှီးမြှုပ်နှံမှုအနေနဲ့ ဒေါ်လာ ၁ ဘီလီယံကျော်နဲ့ စတင်မှာဖြစ်ပြီး အကျိုးအမြတ်အနေနဲ့ စာချုပ်ပါ အချက်အလက်တွေအရ တရုတ်က ၇၀ ရာခိုင်နှုန်းနဲ့ မြန်မာက ၃၀ ရာခိုင်နှုန်းရရှိမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန် SEZ ကို ကျောက်ဖြူမြို့နယ်က မြေဧက ၄၀၀၀ ကျော်မှာ တည်ဆောက်မှာဖြစ်ပြီး တရုတ်နိုင်ငံဘက်က အစိုးရပိုင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ ကော်ပိုရေးရှင်းကို အမည်ပြောင်းထားတဲ့ CITIC Group က အကောင်အထည်ဖော်မှာဖြစ်တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။

အရင်ဦးဆုံး ရေနက်ဆိပ်ကမ်းလုပ်ငန်းကို စတင်မှာဖြစ်ပြီး စက်မှုဇုန်အနေနဲ့ အဲဒီဒေသမှာထွက်ရှိတဲ့ ရေလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းတွေနဲ့ တခြားစက်မှုလက်မှုလုပ်ငန်းတွေကိုလည်း ဆက်လက်အကောင်အထည်ဖော်မှာလို့ ပြောပါတယ်။

မလေးရှားအပါအဝင် အာရှနိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ ကြွေးမြီတင်မှာကို စိုးရိမ်မှုတွေရှိလာချိန်မှာ ကျောက်ဖြူစီမံကိန်းနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က ပြန်လည်သုံးသပ်ညှိနှိုင်း ခဲ့တာဖြစ်တယ်လို့ ပြီးခဲ့တဲ့လပိုင်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။